2 nd Day 1 st Lag

ချန်ပီယံလိဂ် ၃၂ သင်းဆင့် ဒုတိယရက် ပထမကျော့ ပွဲစဉ်များ ဒီနေ့ မနက်မှာ ကစားသွားခဲ့၏။ မနေ့ကနှင့် မတူ ၁ ပွဲ သရေကျပြီး ၃ ပွဲ အနိုင်အရှုံး အဖြေပေါ်ခဲ့လေ၏။ သရေကျသည့် ပွဲစဉ်က Club Brugge vs Atletico Madrid ပွဲစဉ် ဖြစ်၏။ တဖက်ကို ၃ ဂိုးစီ သရေကျခဲ့ခြင်း ဖြစ်၏။ အပြန်အလှန် သွင်းဂိုးတွေနှင့် ပွဲက အကြိတ်အနယ် ရှိလှ၏။ အိမ်ရှင် ဘယ်လ်ဂျီယံကလပ် အနေဖြင့် ဧည့်သည် Atletico Madrid အသင်းကို ကောင်းကောင်းကြီး အခက်တွေ့စေခဲ့သည်ဟု ဆိုရမည် ဖြစ်၏။ ဦးဆောင်ဂိုး ၂ ဂိုးကို ဧည့်သည်အသင်းက အရင် ရယူနိုင်ခဲ့ခြင်း ဖြစ်၏။ အိမ်ရှင်တို့ နောက်နေလိုက်ကစားပြီး ချေပဂိုးတွေ ရယူနိုင်ခဲ့၏။ Atletico Madrid အသင်း ဦးဆောင်ဂိုး ထပ်သွင်းပြန်၏။ ၂-၃ နဲ့ ပွဲပြီးတော့မယ် ထင်ထားပေမဲ့ ၈၉ မိနစ်မှာ အိမ်ရှင်အသင်း ချေပဂိုး ပြန်လည် သွင်းယူပြီး ၃-၃ သရေ ကျသွားခဲ့၏။

နောက်ထပ် ဂိုးအများကြီးသွင်းသည့် ပွဲစဉ်က Qarabag FK vs New Castle အသင်းတို့၏ ပွဲစဉ် ဖြစ်၏။ New Castle က ၁-၆ ဖြင့် အနိုင်ရသွားခဲ့ခြင်း ဖြစ်၏။ ပထမပိုင်းမှာ ကတည်းက ဧည့်သည်အသင်း အနေဖြင့် ၅ ဂိုး သွင်းယူထားခဲ့ပြီး ဖြစ်လေ၏။ အိမ်ရှင်အသင်း အနေဖြင့် ပြန်လာနိုင်ဖို့ လမ်းစက မရှိသလောက် ဖြစ်သွားခဲ့၏။ ဒုတိယပိုင်းမှာ Qarabag FK က ၁ ဂိုး ပြန်လည် သွင်းယူပေမယ့် New Castle အသင်းက ၁ ဂိုး ထပ်မံ သွင်းယူ သဖြင့် ၁-၆ ဖြင့် ပွဲပြီး သွားခဲ့၏။

၃၂ သင်း ရှုံးထွက်အဆင့်မှာ အီတလီ ကလပ်အသင်းတွေ အခြေအနေ မကောင်းဘူးဟု ဆိုရမည် ဖြစ်၏။ မနေ့က Juventus, Atlanta တို့ နိုင်ပွဲ ရှာမတွေ့ခဲ့သလို Series A ၏ ဦးဆောင်သူ Inter Milan အနေဖြင့်လည်း နော်ဝေး ကလပ် Bodo/Glmit ကို ၃-၁ ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ ဒုတိယကျော့မှာ အီတလီအသင်းတွေ ပြန်လာနိုင်ပါ့မလားက စိတ်ဝင်စားစရာပင်။

Leverkusen ကတော့ Olympiacos ကို ၀-၂ သော ရလဒ်ဖြင့် အနိုင်ရယူသွားခဲ့၏။ ဒုတိယပိုင်းမှသာ အဆိုပါ ဂိုး ၂ ဂိုးလုံးကို သွင်းယူသွားခဲ့ခြင်း ဖြစ်လေ၏။ ဒုတိယကျော့ အိမ်ကွင်းမှာ Leverkusen တို့ အနေဖြင့် ပွဲကို ထိန်းပြီး ကစားသွားဖို့သာလိုမည် ဖြစ်၏။

ချန်ပီယံလိဂ် ပွဲစဉ်များ အကြား EPL ပွဲစဉ် ၁ ပွဲလည်း ကစားသွားခဲ့သေး၏။ Wolves vs Arsenal အသင်း၏ ပွဲစဉ် ဖြစ်၏။ ဇယားအောက်ဆုံး အသင်းက ဇယားထိပ် အသင်းကို သရေခံကစားသွားခဲ့၏။ တန်းဆင်းရဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပေမဲ့ Arsenal ကို သူတို့ ဒုက္ခပေးခဲ့ပါသေး၏။ ၁-၂ နဲ့ နိုင်ပြီလို့ တွက်ဆထားပြီးခါမှ ၉၀+၄ မိနစ်မှာ Own goal ဖြင့် သရေတမှတ် ပြန်ပေးခဲ့ရလေ၏။ Arsenal သည်ကား သူများတွေထံကနေချည်း own goal ယူသည် မဟုတ်ဘဲ သူလည်း ပြန်ပေးလေ၏။ ဇယားအောက်ဆုံးက အသင်းကို သက်ညှာပေးမှုက ချီးကျူးချင်စရာပင်။

(photos from UCL page)



0
0
0.000
0 comments