အာရှကျား တဲ့လား .....

အာရှဖလားပွဲကား ကျင်းပပြီးစီးသွားခဲ့ပြီ။ အိမ်ရှင် အဖြစ် ကာတာနိုင်ငံက လက်ခံကျင်းပ၏။ ထို့ပြင် ချန်ပီယံကလည်း ကာတာပဲ ဖြစ်၏။ လက်ရှိ ချန်ပီယံ ဖြစ်သည့် ကာတာကပဲ ချန်ပီယံ ထပ်ဖြစ်သွားခဲ့ခြင်း ဖြစ်၏။ နှစ်ထပ်ကွမ်း back to back ချန်ပီယံ ပေါ့။ သို့ပေမယ့် ဗိုလ်လုပွဲကြီးကတော့ ရုပ်ပေါက် လွန်းလှ၏။ ပင်နယ်တီ ၃ လုံးနှင့် ချန်ပီယံ ဆိုသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သွားခဲ့၏။ တော်တော်များများက ကာတာထက် ဂျော်ဒန်ကို ပို သဘောကျကြမည် ထင်၏။ ကျနော်လည်း အပါအဝင်ပေါ့။

ခုထိတော့ အာရှဖလားပွဲမှာ အနောက်အရှအသင်းတွေကသာ ပိုပြီး ကြီးစိုးလို့ ထား၏။ အရှေ့အာရှ အသင်းတွေက နာမည်ကြီး ထမင်းငတ်သာ ဖြစ်နေသေး၏။ ဒီနှစ်မှာဆို ကိုရီးယားနှင့် ဂျပန်အသင်းတို့ တွေပေါ့။ ဥရောပရောက် ကစားသမားတွေ၊ နာမည်ကြီး ကစားသမားတွေ အများကြီး ပါနေပေမယ့် လိုချင်သော၊ လုံလောက်သော အောင်မြင်မှုတော့ မရခဲ့ပေ။ ကိုရီးယားဆို ဆီမီးအဆင့်၊ ဂျပန်ဆို ကွာတား အဆင့်နှင့်သာ ကျေနပ်လိုက်‌ရလေတော့၏။

အ‌ရှေ့တောင်အာရှ အသင်းတွေကတော့ ခုထိ အာရှအဆင့်ကို မပေါက်ရောက် နိုင်သေးပေ။ ဒါကတော့ အရှေ့တောင် အာရှအသင်းတွေရယ် မဟုတ် အာရှအသင်းကြီးတွေတောင် ကမ္ဘာ့အဆင့်ကို ထိုးဖောက်နိုင်ဖို့ လိုနေသေးသည် မဟုတ်လား။ နို့ပေမယ့် အရှေ့တောင် အာရှအသင်းတွေက တဆင့်တော့ တက်လာကြပြီဟု ပြောလို့ရ၏။

ဒီနှစ် အာရှဖလား ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရသည့် အသင်း ၄ သင်းထဲမှာ မလေးရှား အသင်းက လွဲလို့ ကျန် အသင်း ၃ သင်း၏ ပွဲကို ကြည့်ဖြစ်၏။ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ထိုင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ခွင့်ရခဲ့၏။ ၃ သင်းလုံး၏ ကစားဟန် ကစားကွက်က အတော်လေး ကောင်းလာ၏။ ယခင် ကျနော်တို့ သိခဲ့ မြင်ခဲ့ဖူးတဲ့ အသင်းတွေမှ ဟုတ်ပါလေစဟု ထင်မှတ်မှားရ လောက်အောင်ပင်။ ကျနော်တို့ မြန်မာအသင်းနှင့် ဘာမှကို မဆိုင်တော့ဟု ပြောလို့ရ၏။

သူတို့၏ ကစားပုံ၊ ကစားဟန်က အတော်လေး တိုးတက် ကောင်းမွန်လာနေပြီ ဖြစ်၏။ ကျနော်တို့ မြန်မာအသင်း အနေဖြင့် သူတို့ကို မှီဖို့ရန်ပင် ပြန်ကြိုးစားယူရပေလိမ့်မည်။ တချိန်က အာရှကျား ဆိုတာကြီးကို ထားခဲ့ပြီး ယခုချိန်မှာ ဘာလုပ်သည့်သည်ကို တွေးကြ အဖြေရှာကြရပေလိမ့်မည်။ အားကစားသည်လည်း တိုင်းပြည် အခြေအနေပေါ် မူတည်နေရာကား လက်ရှိ တိုင်းပြည် အခြေအနေနှင့်က အလှမ်းဝေးလို့ နေပေလိမ့်ဦးမည်။

စိတ်မကောင်း စရာက လက်ရှိ ဗိုလ်စွဲသွားသည့် ကာတာ အသင်းမှာ တချိန်က U 19 ကမ္ဘာ့ဖလား ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာအသင်းနှင့် ရင်ဆိုင် ယှဉ်ပြိုင်ဖူးသည့် ကစားသမားတွေ ပါဝင်နေ၏။ သူတို့က အာရှဖလားကိုတောင် နှစ်ထပ်ကွမ်း ရသွားခဲ့ပြီ ကိုယ်တွေက အာဆီယံအဆင့်မှာတင် သောင်တင်ပြီး တဝဲလည်လည် ဖြစ်နေလေတော့၏။

(Photos from respective Facebook Page)



0
0
0.000
2 comments