Another Draw Match

EPL Round 21 ရဲ့ ပွဲစဉ် ၈ ပွဲကို ဒီမနက် ၂ နာရီ၊ ၂ နာရီခွဲချိန်တွေမှာ ကစားသွားခဲ့ပါတယ်။ သရေပွဲ ၄ ပွဲ၊ အရှုံးအနိုင် အဖြေပေါ်တဲ့ပွဲက ၄ ပွဲ ထွက်ပေါ်လို့လာခဲ့ပါတယ်။ အဆင့် ၁ က Arsenal ကို ဖိအားပေးဖို့ ကြိုးစားနေရင်းက Man City, Aston Villa လို့ အနေနဲ့ လိုက်လေ ဝေးလေ အခြေအနေ ဖြစ်လို့နေခဲ့ပါပြီ။ မနက်က ပွဲစဉ်တွေမှာ နှစ်သင်းလုံး သရေရလဒ်တွေသာ ထွက်ပေါ်ခဲ့ပါတယ်။ Aston Villa က Crystal Palace နဲ့ သရေ၊ Man City က Brighton နဲ့ 1-1 သရေ ကျခဲ့ပါတယ်။
ပထမပိုင်းမှာ City တို့ ပင်နယ်တီ ရခဲ့ပါတယ်။ ဒုတိယပိုင်း မိနစ် ၆၀ မှာ ဧည့်သည် Brighton တို့က ချေပဂိုး ပြန်လည် သွင်းယူသွားခဲ့ပါတယ်။ နက်ဖြန် ပွဲစဉ်မှသာ Arsenal က Liverpool ကို အနိုင်ရသွားခဲ့မယ်ဆိုရင် ယခုထက် အမှတ်တွေ ပိုပြတ်သွားနိုင်ပါတယ်။
နည်းပြ ထုတ်ပယ်ခံထားရတဲ့ Chelsea, Man United တို့ အနေနဲ့လည်း ရလဒ်ကောင်းတွေ မရခဲ့ပါဘူး။ Chelsea က Fulham ကို 2-1 ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့ပါတယ်။ United က Burnley ကို 2-2 ဖြင့် သရေကျသွားခဲ့ပါတယ်။ Chelsea တို့ ပထမပိုင်း ၂၂ မိနစ်မှာ ကတည်းက တယောက်ထုတ်ခံခဲ့ရပါတယ်။ လက်ကျန် မိနစ် ၇၀ လောက်ကို တယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။ ၅၅ မိနစ်မှာ Fulham က ဦးဆောင်ဂိုး သွင်းတယ်၊ ၇၂ မိနစ်မှာ Chelsea တို့က ချေပဂိုး ပြန်သွင်းတယ်၊ ၈၁ မိနစ်မှာတော့ Fulham တို့ အနိုင်ဂိုး သွင်းယူပြီး အနိုင် ၃ မှတ် ရယူသွားခဲ့ပါတယ်။

နည်းပြ Amorim မရှိပေမယ့်လည်း United တို့ နောက်ထပ် သရေပွဲ တပွဲသာ ထပ်တိုးသွားခဲ့ပါတယ်။ အိမ်ရှင် Burnley က ဦးဆောင်ဂိုး အရင်သွင်းတယ်။ ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်လည် သွင်းယူခဲ့ပေမဲ့ အနိုင်ရလဒ်တော့ မရှိခဲ့ပါဘူး။ Burnley တို့ ချေပဂိုး ပြန်သွင်းပြီး သရေ တမှတ် ခွဲယူသွားခဲ့ပါတယ်။
မနေ့က တရေးနိုးရင်တော့ ကြည့်မယ် တွေးထားလို့လားမသိပါဘူး။ မနက် ၁ နာရီခွဲလောက် နိုးလာပါရော။ ဗိုက်နာတာနဲ့ သန့်စင်ခန်းသွား ပြန်မအိပ်ချင်နေသေးတာနဲ့ ဘောလုံးပွဲ ကြည့်မိပါရော။ ခဏလောက် ဟိုအသင်း ဒီအသင်း ပွဲစဉ်တွေ လိုက်လျှောက်ကြည့်ပြီး ပြန်အိပ်မယ်ပေါ့။ ကြည့်နေရင်း မျက်စိက ကျယ်လာတာကြောင့် United ပွဲစဉ်ကိုပါ ဆက်ကြည့်မိသွားပါတယ်။ Darren Fletcher ကိုင်တွယ်မယ့် United ကို စိတ်ဝင်စားတာလည်း ပါတာပေါ့။
ထူးမခြားနားပါပဲ။ အင်းလေ ကစားသမားတွေက ဒီကစားသမားတွေ ရှိတာကို။ ကစားကွက် ပြောင်းလိုက်ရုံနဲ့ ထူးပြီး ကောင်းလာဖို့မှ မရှိနေဘဲကိုး။ 3-4-3 အစား၊ 4-2-3-1 နဲ့ ကစားတယ်။ ပုံစံလေး နည်းနည်းကောင်းလာတယ် ပြောလို့ရပေမယ့် ချီးကျူး လောက်စရာတော့ မရှိသေးပေ။ တိုက်စစ်မှူး Sesko ဂိုးပေါက် ပြန်တွေ့ပြီး နှစ်ဂိုးလုံး သွင်းပေးသွားတာတော့ အမြတ်ပေါ့။ တကယ်ဆို သူ Hat Trick ရရ မှာပါ။ အပိုင်အခွင့်အရေးအချို့ လွဲချော်သွားခဲ့လို့လည်း ပါပါတယ်။
နက်ဖြန်မှာတော့ ဆင်ပျံကြီး Arsenal အနေနဲ့ Liverpool အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဆင်ပျံကြီး ဆက်လက်၍ အမြင့်ပျံနိုင်မလားကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဦးမှာပါ။
(photos from Premier League Page)