Arsenal vs Aston Villa

နက်ဖြန် မြန်မာစံတော်ချိန် မနက် ၂ နာရီနှင့် ၂ နာရီ ၄၅ မိနစ် အချိန်များတွင် EPL Round 19 ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေ၏။ ပွဲစဉ် ၆ ပွဲ အရင် ကစားမည် ဖြစ်ပြီး ကျန်ပွဲစဉ်များကိုတော့ သောကြာနေ့ မနက်မှ ကစားမည် ဖြစ်၏။ ကြားရက်မှာ Round 19 ကစားပြီး စနေ တနင်္ဂနွေ နေ့များမှာတော့ Round 20 ပွဲစဉ်များ ကစားမည် ဖြစ်၏။
နက်ဖြန် ကစားမယ့် ၆ ပွဲထဲမှာ Man United vs Wolves တို့၏ ပွဲစဉ်လည်း ပါနေခဲ့၏။ နိုင်ပွဲ မရသေးသည့် Wolves ကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာမို့ United တို့ အမှတ်ပြည့် ရတန်ကောင်းပါ၏။ Wolves နဲ့ ကန်ပြီးရင် နောက်တပွဲက Leeds နဲ့ အဝေးကွင်းမှာ ကစားရမည် ဖြစ်၏။ Wolves အနေနဲ့ကတော့ တန်းဆင်းရဖို့ သေချာနေပြီ ဖြစ်၏။ သူတို့ ဒီအတိုင်း ဒီလိုပဲ ဆက်သွားနေကြတော့မယ် ထင်ပါရဲ့။

Round 18 မှာ Aston Villa ကို ရှုံးခဲ့တဲ့ Chelsea အနေနဲ့ Round 19 မှာ Bournemouth နဲ့ အိမ်ကွင်းမှာ ကစားသွားဖို့ ရှိနေ၏။ ဒီပွဲမှာတော့ Chelsea တို့ နိုင်ပွဲ ပြန်ရှာတွေ့နိုင်ကောင်း၏။ Round 19 မှာ ကျနော် အကြိုက်ဆုံး ပွဲစဉ်က Arsenal vs Aston Villa ဖြစ်၏။ တကယ် စိတ်ဝင်စားဖို့ ကောင်းတဲ့ပွဲစဉ်ဖြစ်၏။ United ပွဲထက်ကို အဆိုပါ ပွဲစဉ်ကို ပိုပြီး စိတ်ဝင်စားမိ၏။
United ပွဲစဉ်နှင့် ပွဲချိန် တူနေ၏။ မနက် ၂ နာရီ ၄၅ မိနစ် ဖြစ်နေလို့သာ အစောချိန်သာဆို အနှီ ပွဲစဉ် နှစ်ပွဲအနက် Arsenal vs Aston Villa ပွဲစဉ်ကိုသာ ကြည့်ဖြစ်ပေလိမ့်မည်။ ထုံးစံအတိုင်း တရေးနိုးမိလို့ ပွဲချိန်နဲ့ တိုက်နေရင်တော့ ကြည့်လိုက်ပါဦးမယ်။ ပွဲကောင်းမလား။
Arsenal က ၄၂ မှတ်နဲ့ အဆင့် ၁၊ Aston Villa က ၃၉ မှတ်နဲ့ အဆင့် ၃။ ပထမကျော့ Round 15 မှာ Aston က 2-1 နဲ့ အနိုင်ရခဲ့၏။ 90+5 မိနစ်မှာမှ အနိုင်ဂိုးသွင်းပြီး Arsenal ကို အသည်းခွဲသွားခဲ့ခြင်း ဖြစ်၏။ Arsenal အနေနဲ့ အဆိုပါ ပွဲစဉ် ရှုံးနိမ့်ခဲ့ပေမယ့် နောက်ထပ် ကစားရသည့် EPL ပွဲစဉ်တွေကို အနိုင်ကစားထားနိုင်ခဲ့၏။ Aston Villa ကား Arsenal ကို ဒုက္ခ ပေးနေကြ ဖြစ်၏။ မနှစ်က ချန်ပီယံ ဖြစ်ရန် လက်တကမ်းအလိုမှာ Aston Villa ကို ရှုံးပြီး Arsenal တို့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရ၏။
ဒီနှစ်မှာလည်း ပထမကျော့မှာ ရှုံးထား၏။ ခု ဒုတိယကျော့ ကိုယ့် အိမ်ကွင်းမှာ မည်သို့ လာဦးမယ် မသိပေ။ Arsenal သာ အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ခွင့် ရမှာ ဖြစ်ပြီး ရှုံးခဲ့ပါက Man City သာ Sunderland ကို အနိုင်ရခဲ့ရင် အဆင့် ၂ နေရာသို့ ဆင်းပေးရနိုင်၏။ Aston Villa သာ အနိုင်ရခဲ့မယ် ဆိုရင် ပြိုင်ပွဲစုံ ၁၂ ပွဲဆက် အနိုင်ရသည့် စံချိန်ကို ရရှိသွားမည် ဖြစ်၏။
(Photos from Arsenal & Aston Villa pages)