Back to Back

ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ် ဖြစ်သည့် Bayern Munchen vs PSG ၏ ဒုတိယကျော့ ပွဲစဉ် ဒီနေ့ မနက်မှာ ကစားသွားခဲ့၏။ ပထမကျော့နှင့် ဘာမှကို မဆိုင်သည့် ဒုတိယကျော့ဟု ဆိုရပေလိမ့်မည်။ ပထမကျော့မှာ ဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင် သွင်းယူခဲ့ကြပေမဲ့ ဒုတိယကျော့မှာတော့ တဖက် ၁ ဂိုးစီသာ သွင်းယူကြပြီး ၁-၁ သရေကျသွားခဲ့လေ၏။ Arsenal vs Atletico Madrid ပွဲစဉ်က သွင်းဂိုးတွေ နည်းလို့ ဝေဖန်ထားကြသူများ အသံ မထွက်နိုင်ကြတော့ပေ။ PSG ကွင်းမှာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူခဲ့ကြပေမဲ့ ယခု Bayern Munchen အိမ်ကွင်းမှာတော့ ဂိုး မများတော့ပေ။

ပထမကျော့မှာ ဂိုးသွင်းရတာ ဝသွားလေသောကြောင့်လည်း ဖြစ်ပေလိမ့်မည် ထင်ပါ၏။ Arsenal ကို မချစ်၊ အားမပေးချင်လို့တော့ မဟုတ်ပေ။ စိတ်ကူးထဲမှာ Bayern Munchen vs PSG ကို ဗိုလ်လုပွဲရောက်မှသာ ဆုံစေချင်ခဲ့၏။ ခုတော့ ဆီမီးမှာတင် တွေ့ဆုံတော့ နှစ်သင်းထဲ တသင်းကတော့ နှုတ်ဆက် ထွက်ခွာခဲ့ရလေ၏။ ၂၀၁၉/၂၀ မှာ နောက်ဆုံးအကြိမ် ချန်ပီယံ ဖြစ်ခဲ့သည့် Bayern Munchen အနေဖြင့်ကတော့ နောက်တကြိမ် ချန်ပီယံထပ်ဖြစ်ဖို့ ဝေးကွာ သွားခဲ့ရပြန်ပြီ ဖြစ်၏။

Atletico Madrid ကို ဖြတ်ကျော်နိုင်ခဲ့သည့် Arsenal အနေဖြင့် ဗိုလ်လုပွဲမှာ လက်ရှိ ချန်ပီယံ PSG နဲ့ ယှဉ်ပြိုင် ကစားရတော့မည် ဖြစ်၏။ အသင်း သမိုင်းကြောင်း တလျောက် ပထမဆုံး UCL ဖလားကို Arsenal တို့ သိမ်းပိုက်သွားမလား ဒါမှမဟုတ် လက်ရှိ ချန်ပီယံ PSG ကပဲ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်သွားမလားဆိုတာ May 30 မှာ သိရမည် ဖြစ်၏။

UCL ဆီမီးဖိုင်နယ် ပွဲစဉ်များ အပြီးမှာတော့ Europa နှင့် Conference League ဆီမီးဖိုင်နယ် ဒုတိယကျော့ ပွဲစဉ်များ ကစားသွားဖို့ ရှိနေ၏။ အသင်းတိုင်းမှာ မျှော်လင့်ချက် ကိုယ်စီ ရှိနေသေးသည်မို့ ဒုတိယကျော့ ပွဲစဉ်တွေကလည်း ကြည့်လို့ကောင်းမှာ အသေအချာပင်။ EPL နှစ်သင်း ဖြစ်သည့် Aston Villa vs Nottm Forest ပွဲစဉ်မှာ ပထမကျော့ ၀-၁ ဖြင့် ရှုံးနိမ့်ထားမှုကို Aston Villa တို့ ချေဖျက် ပြနိုင်မလားကတော့ စောင့်ကြည့်ရပေလိမ့်မည်။ Freiburg vs Braga ပွဲစဉ်မှာတော့ ဘယ်အသင်း နောက်တဆင့် တက်မယ်ဆိုတာ ပြောရခက်နေ၏။

Conference League ဆီမီးဖိုင်နယ် အဆင့်မှာ ခြေစွာနေတာက Crystal Palace ဖြစ်လေ၏။ အဝေးကွင်းမှာ ၁-၃ ဖြင့် နိုင်ထားပြီး ခုအိမ်ကွင်းမှာ တဖန်ပြန်လည်လို့ ဧည့်ခံရမည် ဖြစ်၏။ Crystal Palace နောက်တဆင့်တက်သွားမယ်လို့ ထင်မြင်မိ၏။ အသင်း၏ ပထမဆုံး ဥရောပဖလားကို ကိုင်မြှောက်နိုင်ဖို့ သူတို့ လက်တကမ်းအလိုကို ရောက်လာနေခဲ့ပြီ ဖြစ်၏။ Starsbourg vs Rayo Vallecano ပွဲစဉ်မှာတော့ ဧည့်သည်အသင်းက နောက်တဆင့် တက်သွားမယ်ဟု ထင်မြင်မိ၏။ ဥရောပပွဲစဉ်များ၏ ဇာတ်ရှိန် အမြင့်ဆုံး အချိန်၊ အနေအထားကို ရောက်လာခဲ့ပြီဟု ဆိုရပေလိမ့်မည်။

(photos from UCL page)



0
0
0.000
0 comments