Can Arsenal back to Top One

EPL နေ့ရက်တွေ ပြန်လည်လို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ကြားရက်ထဲ ကစားသွားသည့် ပွဲစဉ်အချို့ ရှိသလို တော်တော်များများကိုတော့ ဒီနေ့မှာ ကစားမည် ဖြစ်၏။ ဒီနေ့ မနက် အစော ၁ နာရီခွဲမှာ ကစားသွားသည့် ပွဲစဉ် အပါအဝင် စုစုပေါင်း ၆ ပွဲ ကစားမည် ဖြစ်၏။ မနက် ၁ နာရီခွဲ ပွဲစဉ်မှာတော့ Nottm Forest က Sunderland ကို ၀-၅ ဖြင့် အနိုင်ရသွားခဲ့၏။ အံ့အားသင့်ဖွယ် ရလဒ်ပင်။ တန်းဆင်းဇုန် ဖိအားက Nottm Forest ကို တိုက်ပွဲဝင်စိတ် အပြည့် ဖြစ်သွား စေခဲ့သည်ထင်။
Sunderland ၏ အိမ်ကွင်းမှာ ၁ ဂိုးမှ ပြန်မပေးရဘဲ ၅ ဂိုးပြတ် သွင်းနိုင်ဖို့ဆိုတာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။ Nottm Forest ၏ ရုန်းအားက ကြောက်ခမန်းလိလိပင်။ ယခု နိုင်ပွဲကြောင့် ၃၉ မှတ်ဖြင့် အဆင့် ၁၆ နေရာမှာ ရပ်တည်နေ၏။ ယခုလို ခြေစွမ်းမျိုးနဲ့ ရလဒ်ကောင်းတွေကိုသာ ရယူနိုင်မယ် ဆိုရင် Nottm Forest တို့ နေဖြင့် EPL မှာ တင်ကျန်နိုင်ဖို့ အခွင့်အရေးများသွားခဲ့ပြီ ဖြစ်၏။

ဒီနေ့မှာပဲ အခြား တန်းဆင်းဇုန်ဖိအားရှိနေသည့် West Ham နှင့် Tottenham တို့၏ ပွဲစဉ်လည်း ရှိနေ၏။ West Ham က Everton နဲ့ အိမ်ကွင်း၊ Tottenham က Wolves နဲ့ အဝေးကွင်းမှာ အသီးသီး ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ Everton အနေဖြင့် အနိုင်ရခဲ့ရင် ဥရောပပြိုင်ပွဲ ဝင်ခွင့် မျှော်လင့်လို့ ရနေသေးတာက West Ham အတွက် ခက်ခဲမှု ဖြစ်လာနိုင်၏။ West Ham အနေဖြင့်ကလည်း လက်ကျန် ပွဲစဉ်တွေမှာ အမှတ် ရရင် ရသလို ယူထားနိုင်မှ အဆင်ပြေပေလိမ့်မည်။
West Ham ထက်စာရင် Tottenham က အနည်းငယ် ပွဲစဉ်ချောင်သည်ဟု ဆိုရမည်ထင်။ သို့ပေမဲ့ ထိုသို့ ယတိပြတ် ပြောလို့ကလည်း မရပြန်သေးပေ။ တန်းဆင်းထားရပြီး ဖြစ်သည့် Wolves က Tottenham ကို အခွင့်အရေးမပေးဘဲ အိမ်ကွင်းမှာ အခက်တွေ့စေခဲ့မယ်ဆိုရင် Tottenham အခြေအနေ ပိုဆိုးသွားနိုင်၏။ အသင်း၏ စိတ်ဓါတ်ရေးရာက အောက်ဆုံးထိ ကျဆင်းနေတာမို့ Tottenham တို့ ပြန်လာနိုင်ဖို့ အတော်လေး ကြိုးစားရပေလိမ့်မည်။
တန်းဆင်းဇုန် တိုက်ပွဲပြီးတော့ ချန်ပီယံ အကြောင်း ဆက်ပြောရအောင် အဆင့် ၁ ကနေ ဆင်းပေးလိုက်ရသည့် Arsenal တို့ အိမ်ကွင်းမှာ New Castle ကို ဧည့်ခံ ကစားရမည် ဖြစ်၏။ ချန်ပီယံ ဖြစ်ချင်ရင် လက်ကျန် ပွဲစဉ်တွေမှာ ခြေထပ်ချော်လို့ မရတော့ပေ။ City လက်ကျန်ပွဲတွေမှာ ဘယ်လို နေနေ၊ ကိုယ်က ကိုယ့်ပွဲကျန်ကို အာရုံစိုက်ရမည် မဟုတ်လား။ လက်ကျန် ၄ ပွဲလုံး နိုင်ဖို့ ဂိုးတွေ ရသလောက် သွင်းထားနိုင်ဖို့ လိုမည် ဖြစ်၏။
(photos from Premier League Page)