City back to Top One

EPL Round 34 ပွဲစဉ် အချို့ ထပ်မံ ကစားခဲ့၏။ Bournemouth vs Leeds ပွဲစဉ်မှာတော့ တဖက် ၂ ဂိုးစီ သရေကျသွားခဲ့လေ၏။ ၁၄ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကို Bournemouth တို့ ရရှိသွားခဲ့လေ၏။ ယခုပွဲစဉ်မှာ Bournemouth တို့ ၂-၁ ဖြင့် အနိုင်ရမှာ ဖြစ်ပေမဲ့။ ကံကြမ္မာက Leeds ကိုလည်း မျက်နှာသာ ပေးခဲ့လေ၏။ ၂ သင်းလုံး အတွက် ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ အခြေအနေမျိုး ဖြစ်၏။
Bournemouth အနေဖြင့် အနိုင်ရခဲ့ရင် အဆင့် ၆ နေရာထိ တက်လှမ်းနိုင်မှာ ဖြစ်ပေမဲ့ သရေ ရလဒ်ကြောင့် အဆင့် ၇ နေရာဖြင့်သာ ကျေနပ်ခဲ့ရ၏။ Chelsea ကတော့ အဆင့် ၈ နေရာထိ ဆင်းပေးခဲ့ရလေ၏။ Bournemouth တို့ အကြိမ်ကြိမ် ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပေမဲ့ Leeds ကလည်း ချေပနိုင်ခဲ့၏။ ၆၀ မိနစ်မှာ Bournemouth တို့ ဦးဆောင်ဂိုး သွင်း၏။ ၆၈ မိနစ်မှာ Leeds တို့ ချေပဂိုး ရ၏။ ၈၅ မိနစ်မှာ Bournemouth တို့ ဦးဆောင်ဂိုး သွင်း၏။ ဒီရလဒ်ဖြင့် ပွဲပြီးပြီ ထင်မှတ်ထားချိန် ၉၀+၇ မိနစ် အရောက်မှာ Leeds က ချေပဂိုး ပြန်လည်လို့ သွင်းယူသွားခဲ့၏။

သရေ ရလဒ်ကြောင့် Bournemouth အနေဖြင့် အဆင့် ၆ နေရာထိ မတက်လှမ်း နိုင်ခဲ့ပေမဲ့ Leeds အနေနဲ့ကတော့ တန်းဆင်းဇုန်နဲ့ ဝေးရာ နေရာမှာ ရပ်တည်နိုင်ဖို့ အခြေအနေ ကောင်းမွန် သွားခဲ့ပြီ ဖြစ်၏။ နောက်ထပ် တပွဲကတော့ Burnley vs Man City တို့၏ ပွဲစဉ် ဖြစ်၏။
ဒီလထဲမှာ အသင်းကြီးတွေကို ၂ ဂိုး အနည်းဆုံးသွင်းပြီး အနိုင်ယူပြခဲ့သည့် City ဒီတခေါက် Burnley နဲ့ အတွေ့မှာတော့ ၀-၁ ဖြင့်သာ အနိုင်ရသွားခဲ့လေ၏။ မသိရင် Arsenal ကို တမင်ကလိနေသလိုပင်။ အမှတ်တူ ဂိုးရလဒ်တူ နေပေမဲ့ head to head အရ City က အဆင့် ၁ နေရာကို ရယူသွားခဲ့လေ၏။ ၁ ဂိုးလောက် ထပ်သွင်းပြီး ၁ ဂိုးအသာဖြင့် အဆင့် ၁ နေရာကို ယူလိုက်ရင် ဘာဖြစ်သွားမှာ စိုးလို့လဲပေါ့။
ပွဲအစ ၅ မိနစ်မှာ သွင်းယူခဲ့သည့် တလုံးထဲသော ဂိုးဖြင့် ပွဲပြီးသွားခဲ့၏။ City လည်း ဂိုးတွေ သွင်းရတာ ပင်ပန်းသွားလို့ ထင်ပါရဲ့။ ဒါပေမဲ့ တန်းဆင်းထားရပြီး အသင်းမို့ အားနာလို့ ဂိုးအများကြီး မသွင်းလေသလားပေါ့။ ဒါမှ မဟုတ် အထက်မှာ ပြောခဲ့သည့်အတိုင်း ၁ ဂိုးထဲနဲ့ နိုင်လည်း ငါတို့က အဆင့် ၁ နေရာ ရတယ်ဆိုပြီး ပြချင်လို့ပဲလားပေါ့။ မည်သို့ပင် ဆိုစေ Arsenal ကာလအတော်ကြာ ရယူခဲ့သည့် အဆင့် ၁ နေရာကို City တို့ လက်လွှဲ ယူသွားခဲ့လေပြီ။ လက်ကျန် ၄ ပွဲထိပါ သိမ်းယူထားပြီး ချန်ပီယံဘွဲ့ကို အရယူသွားမလား၊ ဒါမှ မဟုတ် Arsenal ကပဲ ဒုတိယလူ ကျိန်စာဆိုးကို ချေဖျက် ပြသွားနိုင်မလားကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရပေလိမ့်မည်။
(photos from Premier League Page)