Congratulations PSG
Champion League Final ပွဲစဉ်ကတော့ ပြီးသွားခဲ့ပြီ။ ပွဲကြို feeling တုန်းက ရေးထားပြီးမှ မတင် လိုက်ရပေ။ ပွဲပြီး feeling လေး ရေးမယ် ဆိုတော့ ဗိုလ်လုပွဲကိုက မကြည့်လိုက်ရပေ။ အိပ်ပျော်သွားခဲ့၏။ ထကြည့်မယ်ကွာ၊ ခဏမှေးမယ် လုပ်လိုက်တာ မနက်ခင်း ဆွမ်းထ လောင်းချိန် ရောက်မှ နိုးတော့၏။ တကယ့် ပွဲကြီး ပွဲကောင်းကြမှ အိပ်ပျော်သွားရတယ်လို့။
ပွဲက တကယ်ကောင်း၏။ မနက် result ကြည့်မိမှ အိုတွေ ဟယ်တွေ ဖြစ်သွားရ၏။ မကြည့်လိုက်ရလေခြင်း ဆိုပြီး နောင်တ ရမိ၏။ ကြည့်မိပြီး နောင်တရတာကတော့ United vs Tottenham ၏ Europa League Final ဖြစ်ချေ၏။ မကြည့်မိရင် အကောင်းသားပေါ့။
Technical ပိုင်းတွေ ပြောနေစရာ မလိုတော့ပေ။ ပြောရအောင်လည်း ကိုယ် ကျွမ်းကျင်သည့် အပိုင်းမှ မဟုတ်နေဘဲကိုး။ ပွဲပြီး ကိုယ့် အမြင်လေးပဲ ရေးလေ့ ရှိ၏။ ခု Champion League Final မှာ နောပ်ထပ် ရယ်ရတာက ကျနော် ခန့်မှန်းတာက Inter Milan ဒါပေမယ့် ဗိုလ်စွဲ သွားတာက PSG ဖြစ်နေခဲ့၏။ နိုင်တာမှ တဂိုး တလေ၊ သရေကျလို့ ပင်နယ်တီ အဆုံးအဖြတ် ယူတာမျိုး မဟုတ်ဘဲ 5-0 နဲ့ကို အနိုင်ရသွား ခဲ့ခြင်း ဖြစ်၏။ တကယ်ကို ထိုက်ထိုက်တန်တန် အနိုင်ရသွားခဲ့ခြင်း ဖြစ်၏။
Champion League သမိုင်း တလျောက် ဂိုးအပြတ်ဆုံး၊ ဂိုး အများဆုံး ဗိုလ်လုပွဲ အဖြစ် စာရင်း ဝင်သွားခဲ့၏။ PSG ကြီးကလည်း ကောင်းကို ကောင်းလွန်းပါ၏။ Barcelona ကို ဖြတ်ကျော်ခဲ့သည့် Inter Milan ကို ကြည့်ပြီး PSG တို့တော့ ခက်ခက်ခဲခဲ ကစားရပြီပေါ့။ တကယ်တမ်းကြ ထိုသို့ မဟုတ်ခဲ့ပေ။ PSG က သာသာယာယာ ကစားချင်သလို ကစားသွားခဲ့၏။
Inter Milan တို့ PSG လက်ခုပ်ထဲက ရေအလား သွန်လိုသွန် မှောက်လိုမှောက် ပြုမူခံခဲ့ရ၏။ PSG အတွက် အသင်း သမိုင်းတလျောက် ပထမဆုံး Champion League ဖလား ဖြစ်ခဲ့၏။ Inter Milan အဖို့တော့ နောက်ဆုံး သုံးနှစ်အတွင်း ဗိုလ်လုပွဲ နှစ်ကြိမ် တက်ရောက်ပြီး နှစ်ကြိမ်လုံး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရလေတော့၏။
(photos from PSG page)