EPL Round 28

EPL Round 28 ပွဲစဉ်တွေ ဒီတပတ်မှာ ပြန်လည်လို့ ရောက်ရှိလာခဲ့ပါပြီ။ ထုံးစံအတိုင်း စိတ်ဝင်စားစရာ ပွဲစဉ်တွေ ပါဝင်နေပါတယ်။ စနေနေ့မှာ ၅ ပွဲ၊ တနင်္ဂနွေနေ့မှာ ၅ ပွဲ ကစားသွားမှာ ဖြစ်ပါတယ်။ စနေနေ့ရဲ့ အစောဆုံးပွဲစဉ်မှာတော့ ထူးဆန်းမှုတွေ စတင် ဖြစ်ပေါ်ခဲ့ပါတယ်။ Wolves vs Aston Villa ပွဲစဉ်ပါ။ Wolves က ၂-၀ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ Wolves အတွက် ဒီရာသီ ဒုတိယမြောက် နိုင်ပွဲ ဖြစ်ပါတယ်။ နောက်ပိုင်း ပွဲစဉ်တွေမှာ Aston Villa အနေနဲ့ ခြေစွမ်းပိုင်း ယိမ်းယိုင်လာမှု နှင့်အတူ ရလဒ်တွေလည်း ဆိုးရွားလာနေခဲ့ပါတယ်။ သူတို့ရဲ့ ပုံစံကောင်းကို ပြန်ရှာမတွေ့ရင် လာမယ့်ရာသီအတွက် ဥရောပလိဂ်ပြိုင်ပွဲ ဝင်ခွင့်နေရာကိုပါ ဆုံးရှုံးသွားရနိုင်ပါတယ်။

ယခုပွဲ ရှုံးနိမ့်မှုကြောင့် အဆင့် ၄ က Man United ၏ ကျော်ဖြတ်ခြင်းကို ခံကောင်း ခံသွားရနိုင်ပါတယ်။ United သာ Crystal Palace ကို နိုင်ခဲ့ရင်ပေါ့။ Bournemouth vs Sunderland ပွဲစဉ်ကလည်း စိတ်ဝင်စားစရာပါ။ အဆင့် ၈ နှင့် ၁၂ ဆိုပေမဲ့ ၂ မှတ်ပဲ ကွာတာပါ။ Bournemouth က ၃၈ မှတ်၊ Sunderland က ၃၆ မှတ်ပါ။ Sunderland အနေနဲ့ ‌ခုနောက်ပိုင်း ပွဲစဉ်တွေမှာ ရလဒ်‌ပိုင်း အနည်းငယ် ဆိုးနေခဲ့ပါတယ်။ Bournemouth ရဲ့ EPL မှာ ၇ ပွဲဆက် ရှုံးနိမ့်ထားခြင်း မရှိတာကို သူတို့ ရပ်တန့်နိုင်မလားကတော့ စိတ်ဝင်စားစရာပါ။

Burnley vs Brentford ပွဲစဉ်မှာတော့ Brentford ကပဲ အမှတ်ပြည့် ရယူသွားဖို့ များနေပါတယ်။ အဓိက ကစားသမားအချို့နဲ့ နည်းပြကို လက်လွှတ်ပေးခဲ့ရပေမဲ့ Brentford ဟာ အရင်လိုပဲ သူတို့ဟာ ဖျက်မြင်းအဆင့်မှာ ရှိနေသေးကြောင်း ပြသထားပါတယ်။ အလယ်အလတ်အနေအထားမှာ အသင်းကြီး အသင်းငယ် မရွေးအားလုံးကို ဒုက္ခပေးနိုင်စွမ်း သူတို့မှာ ရှိနေပါတယ်။

Liverpool vs West Ham ပွဲစဉ်ကလည်း ဒီတပတ်ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ပွဲစဉ်ပါပဲ။ ပြီးခဲ့သော တပတ်မှာ Nottm Forest နဲ့ Tottenham တို့ ပြိုင်ဘက်တွေကို အသီးသီး ရှုံးနိမ့်ခဲ့တာမို့ West Ham ရဲ့ တန်းဆင်းဇုန်က လွတ်မြောက်ရေး အိပ်မက်က ပိုမို ပီပြင်လို့ လာနေခဲ့ပါပြီ။ Liverpool အနေဖြင့်လည်း လာမယ့်ရာသီ ဥရောပလိဂ် ပြိုင်ပွဲတွေ ကစားခွင့်ရဖို့ အတွက် ကျန်ပွဲစဉ်တွေမှာ အမှတ်ရရင် ရသလို ယူထားနိုင်ဖို့ လိုပါမယ်။

New Castle vs Everton အဆင့် ၉ နှင့် ၁၁၊ ၃၇ မှတ်နှင့် ၃၆ မှတ် ၁ မှတ်သာကွာပါတယ်။ New Castle က ပုံစံကောင်းတွေ ပြန်ရနေတယ်။ Everton က ရလဒ်တွေ ပြန်ဆိုးရွားနေတယ်။ ဒါပေမဲ့ New Castle က UCL ပွဲစဉ် ကစားထားရတာမို့ ပွဲပန်းမှု ရှိကောင်း ရှိနေနိုင်ပါတယ်။ ဘာပဲပြောပြော အိမ်ရှင် New Castle ကပဲ အနိုင်ယူသွားမယ် ထင်ပါတယ်။

(photos from Premier League Page)



0
0
0.000
0 comments