EPL Round 6 Results

EPL Round 6 ပွဲစဉ်တွေကတော့ ပြီးသလောက် ရှိသွားခဲ့ပြီ။ နက်ဖြန် မနက်မှာ ကစားမယ့် Everton vs West Ham ပွဲစဉ် တပွဲသာ ကျန်၏။ ဒီတပတ်မှာ အချို့ အသင်းကြီးတွေ အခြေအနေမကောင်းဟု ဆိုရပေလိမ့်မည်။ United ကိုတော့ ဖယ်ထားလိုက်ပါလေ။ သူက အသင်းကြီးမှ မဟုတ်တော့တာ။

Round 6 ရဲ့ အစောဆုံးပွဲ Brentford vs Man United ပွဲမှာ Brentford က 3-1 ဖြင့် အနိုင်ရသွားခဲ့၏။ ဘာမှ မပြောချင် မပြောလိုတော့။ Futsal ကစားနေချိန်နဲ့ သွားတိုက်နေတော့ မကြည့်လိုက်ရပေ။ ဒါလည်း တမျိုးကောင်းပါ၏။ စိတ်မညစ်ရတော့ဘူးပေါ့။ ဒါတောင် ပင်နယ်တီ ရချိန်က အပြင်ထွက် ခဏ နားနေချိန်နဲ့ တိုးလို့ ကြည့်ဖြစ်လိုက်သေး၏။ 2-2 ဖြစ်မယ့် အခွင့်အရေးကို Bruno လွဲလေ၏။ ကောင်းရော။

Amorim အဖို့ မျက်ခုံးလှုပ်ရသည့် နေ့ရက်များ ဖြစ်ပေလိမ့်မည်။ အသင်းအနေဖြင့် ကစားပုံ၊ ကစားကွက် ဘယ်လိုမှကို အဆင်မပြေနေပေ။ Amorim ဘာများ ဖြစ်ချင်နေသနည်း။ ဘုတ်အဖွဲ့ရဲ့ စိတ်ရှည် သည်းခံမှုက အကန့်အသတ် ရှိသည် မဟုတ်လား။ အချိန် မလွန်ခင် ပြင်ဆင်နိုင်ဖို့ လိုပေလိမ့်မည်။

Amorim လို 3-4-3 နဲ့ ကစားပေမယ့် Amorim လို ရလဒ် မဆိုးနေတဲ့ အသင်းက Crystal Palace ဖြစ်၏။ Liverpool ကို အိမ်ကွင်းမှာ 2-1 ဖြင့် အနိုင်ယူပြီး ရှုံးပွဲ မရှိသည့် တသင်းထဲသော အသင်းအဖြစ် ဆက်လက်ရပ်တည်နေ၏။ Liverpool အနေနဲ့ ပထမဆုံး ရှုံးပွဲ ကြုံတွေ့သွားရလေတော့၏။ Crystal Palace နည်းပြ Oliver Glasner အနေဖြင့် အကောင်းဆုံး လုပ်ပြထားသည်ဟု ဆိုရပေလိမ့်မည်။ မနှစ်က FA ဖလားရ၊ ရာသီအစ Community Shield မှာ Liverpool ကို အနိုင်ယူပြီး ဗိုလ်စွဲ ထားပြန်သေး၏။

Sporting CP မှာ ဂေါ်ခဲ့တဲ့ Amorim တယောက် United ရောက်မှ ပသို့ ဖြစ်သွားလေသနည်း။ United အဖို့ အသင်းနဲ့ အံဝင်ဂွင်ကျ ဖြစ်မယ့် နည်းပြမျိုး ခုထိ မရသေးလေသလော။ နောက်ထပ်သာ ရှုံးပွဲတွေ ထပ်မံ ကြုံဆုံရပါက Amorim ရဲ့ နည်းပြ ရာထူးနေရာ အပြောင်းအလဲ ဖြစ်သွားနိုင်၏။

United နောက် လိုက်လာသူက Chelsea ဖြစ်၏။ အိမ်ကွင်းမှာ Brighton ကို 1-3 ဖြင့် ရှုံး၏။ 53 မိနစ်မှာ Chelsea တို့ တယောက်ထုတ်ခံခဲ့ရ၏။ လက်ကျန်မိနစ်တွေမှာ ဆယ်ယောက်ထဲနဲ့ ဘယ်လိုမှ တောင့်ခံ ကစားနိုင်ခြင်း မရှိတော့ပေ။ ပွဲပြီးခါနီး နာကျင်အချိန်ပိုတွေမှာ Brighton တို့ အနိုင်ဂိုးတွေ သွင်းယူသွားခဲ့ခြင်း ဖြစ်၏။

Liverpool ၏ အရှုံးကို Arsenal တို့ ‌ကောင်းကောင်း အသုံးချနိုင်ခဲ့သည်ဟု ဆိုရမည်။ New Castle ကို 1-2 ဖြင့် အနိုင်ရယူပြီး အမှတ်ကွာဟချက် ကျဉ်းမြောင်းအောင် လုပ်နိုင်ခဲ့လေ၏။ စကတည်းက အမှတ်တွေ ကွာနေတာထက် ခုလိုလေး အမှတ်မသိမသာ ကွာတာလေးက ပိုပြီး ကြည့်ကောင်းသည် မဟုတ်လား။



0
0
0.000
1 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Hive Power Up Day - October 1st 2025
0
0
0.000