Europa & Conference League Semi-final (1 st Lag)

Europa & Conference League ဆီမီးဖိုင်နယ် ပကျော့ ပွဲစဉ်များ ဒီနေ့ မနက်မှာ ကစား၏။ ပွဲစဉ်အားလုံး အရှုံးအနိုင် အဖြေပေါ်ခဲ့၏။ အိမ်ရှင် အနိုင်ရတာ ၃ ပွဲ၊ ဧည့်သည် အနိုင်ရတာ ၁ ပွဲ ရှိခဲ့၏။ ဂိုးရလဒ်အားဖြင့် သိသိသာသာ ပြတ်သားနေတာမျိုး မရှိဘဲ ဒုတိယကျော့မှာ အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကြရမယ့် သဘောမျိုး ရှိနေ၏။ ဒါသည်ပင် UCL, Europa & Conference League တို့၏ အနှစ်သာရပင် ဖြစ်ပေလိမ့်မည်။
Europa League ဆီမီးဖိုင်နယ် ပထမပွဲစဉ်ဖြစ်သည့် Braga vs Freiburg ပွဲစဉ်မှာ အိမ်ရှင် Braga အသင်းက ၂-၁ ဖြင့် အနိုင်ရသွားခဲ့၏။ အိမ်ရှင်အသင်း အနေဖြင့် ၈ မိနစ်မှာကတည်းက ဦးဆောင်ဂိုး ရခဲ့ပေမဲ့ ဧည့်သည်အသင်းက ၁၆ မိနစ်မှာ ချေပဂိုး ပြန်လည်လို့ သွင်းယူ၏။ ၄၅+၂ မိနစ်မှာရသည့် ပင်နယ်တီ အခွင့်အရေးကို အိမ်ရှင်တို့ အသုံးမချနိုင်ခဲ့သဖြင့် ပထမပိုင်းမှာ ၁-၁ ဖြင့် ပြီးသွား၏။ ဒုတိယပိုင်း ပြီးခါနီးအချိန်ထိ ဂိုး ထပ်မရကြသဖြင့် သရေ ရလဒ်နဲ့သာ ပွဲပြီးပြီ ထင်မှတ်ထားပေမဲ့ ၉၀+၂ မိနစ်မှာ အိမ်ရှင်အသင်း အနိုင်ဂိုး သွင်းယူပြီး ၂-၁ ဖြင့် ပွဲပြီး သွားခဲ့၏။

ဒုတိယပွဲစဉ်ကတော့ EPL နှစ်သင်းတွေ့သည့် ပွဲစဉ် ဖြစ်၏။ တန်းဆင်းဇုန် ဖိအားကနေ အတော်အသင့် သက်သာခွင့် ရနေသည့် အိမ်ရှင် Nottm Forest အနေဖြင့် Aston Villa ကို ၇၁ မိနစ်မှာ သွင်းယူခဲ့သည့် ၁ လုံးထဲသော ဂိုးဖြင့် အနိုင်ရသွားခဲ့လေ၏။ ပကျော့ ပွဲစဉ်တွေက ၁ ဂိုး အသာဖြင့်သာ အရှုံးအနိုင် အဖြေပေါ်ခဲ့တာမို့ ဒုတိယကျော့ ပွဲစဉ်တွေက ကြည့်ကောင်းနေဦးမှာ အသေအချာပင်။
Conference League ဆီမီးဖိုင်နယ် ပထမပွဲစဉ် ဖြစ်သည့် Rayo Vallecano vs Strasbourg မှာ အိမ်ရှင်အသင်းက ၅၄ မိနစ်မှာ သွင်းယူခဲ့သည့် ၁ လုံးထဲသော ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ ဒုတိယပွဲစဉ် ဖြစ်သည့် Shakhtar Donetsk vs Crystal Palace ပွဲစဉ်မှာတော့ ဧည့်သည် Crystal Palace က ၁-၃ ဆိုသည့် ရလဒ်ဖြင့် အနိုင်ရသွားခဲ့လေ၏။ ပွဲအစ ၁ မိနစ်မှာ ကတည်းက ဧည့်သည်အသင်း အနေဖြင့် ဦးဆောင်ဂိုး စတင် ရရှိခဲ့၏။ ၄၇ မိနစ်မှာ အိမ်ရှင်က ချေပဂိုး ပြန်သွင်း၏။
၅၈ နှင့် ၈၄ မိနစ်မှာ သွင်းယူသည့် ဧည့်သည်အသင်း၏ ဦးဆောင်ဂိုးတွေကို အိမ်ရှင်အသင်း အနေဖြင့် ချေပနိုင်ခြင်း မရှိဘဲ အရှုံးပေးလိုက်ရလေ၏။ အိမ်ကွင်းမှာ ၁-၃ ဖြင့် ရှုံးထားသည်မို့ ဒုတိယကျော့ အဝေးကွင်းမှာ ပြန်လာနိုင်ဖို့ ရုန်းကန် သွားရဖို့ ရှိနေ၏။ ဒုတိယကျော့ ပွဲစဉ်များကိုတော့ မေလ ၇ ရက်နေ့မှာ ကစားသွားဖို့ ရှိနေ၏။
(photos from Europa League Page)