Glory Glory Man United

Arsenal vs Man United တို့ရဲ့ EPL Round 23 ပွဲစဉ်က ဒီတပတ်ရဲ့ အကောင်းဆုံးနှင့် ဖျော်ဖြေမှု အပေးနိုင်ဆုံး ပွဲစဉ်တခု ဖြစ်ခဲ့၏။ Arsenal တို့ အိမ်ကွင်းမှာ Man United ကို 2-3 ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ ပွဲက တကယ် အကြိတ်အနယ် ရှိလှ၏။ United အစစ်အမှန်ကို မြင်ရသည့် နောက်ထပ် ပွဲစဉ်တပွဲ ဖြစ်ခဲ့၏။ ဒါမှ ငါတို့ မြင်ချင်တဲ့ United ဟု ပြောရလောက်အောင် မနေ့က အကောင်းဆုံး ကစားသွားကြ၏။ ယာယီ နည်းပြ Michael Carrick အနေဖြင့်လည်း နှစ်ပွဲဆက် နိုင်ပွဲ ရယူသွားနိုင်ခဲ့လေ၏။

ယခင် ၄ ပွဲသာ နည်းပြ ပေးခဲ့တုန်းကလည်း Carrick အနေဖြင့် Arsenal ကို နိုင်ခဲ့သေး၏။ ခုတကြိမ်မှာလည်း အနိုင်ရခဲ့ပြန်၏။ ခြေစွမ်း၊ ကစားပုံကော ကံတရားကကော United ဘက်မှာ ရှိနေခဲ့လေ၏။ United တို့ Man City နှင့် ပွဲက ပုံစံအတိုင်းပဲ ပွဲထုတ်ပြီး ကစား၏။ Carrick လက်ထက် နှစ်ပွဲမှာ နှစ်ပွဲလုံး Mbeumo & Dorgu တို့ ဂိုးတွေ သွင်းယူနိုင်ခဲ့ကြ၏။ ရှေ့လယ်နောက် အားလုံးကောင်းကြ၏။ တိုက်စစ်က ဂိုးရဖို့ ကြိုးစားသလို ခံစစ်ကလည်း အကောင်းဆုံး ကာကွယ် ထိန်းချုပ် ကစားသွားခဲ့ကြ၏။

(photos from Premier League Page)

Arsenal တို့ ၂၉ မိနစ်မှာ ဦးဆောင်ဂိုး အရရင်ရ၏။ ၃၇ မိနစ်မှာ United အတွက် Mbeumo က ချေပဂိုး သွင်းယူပေးခဲ့၏။ မိနစ် ၅၀ မှာ Dorgu က အနိုင်ဂိုး သွင်း၏။ ၈၄ မိနစ်မှာ Arsenal တို့ ချေပဂိုး ပြန်သွင်း၏။ ၃ မိနစ် အကြာ ၈၇ မိနစ်မှာ Cunha က United အတွက် အနိုင်ဂိုး သွားယူသွားခဲ့လေ၏။

ပွဲချိန်တလျောက် ယခင်လို စိုးထိတ်နေရတာမျိုး မရှိပေ။ ယခင်က နိုင်နေရင်တောင် ဘယ်အချိန်များ ဂိုးပြန်ပေးရလေမလဲ စိတ်ပူနေရ၏။ ခုက ထိုသို့ မဟုတ်နေပေ။ 2-2 ဖြစ်နေချိန်မှာ Arsenal တို့ စိတ်အားတက်ကြွပြီး အနိုင်ဂိုးများ ရသွားမလား တချက် စိတ်ပူမိသေး၏။ ဖြစ်ချင်တော့ ကိုယ်တွေက အနိုင်ဂိုးကို အရင်ရယူသွင်းနိုင်ခဲ့လေတော့၏။

အဝေးကွင်း ဖြစ်ပေမယ့် United တို့ Arsenal ကို အကောင်းဆုံး တုန့်ပြန် ကစားနိုင်ခဲ့ကြလေ၏။ ဦးဆောင်ဂိုး ပေးခဲ့ရသည် ဆိုပေမယ့် ချေပဂိုးတွေ အနိုင်ဂိုးတွေ ပြန်လည်လို့ သွင်းယူပြနိုင်ခဲ့၏။ အသင်း နိမ့်ကျနေသည့် အချိန်အခါမျိုးမှာ Arsenal ကို အနိုင်ရယူနိုင်ခဲ့လို့ ပျော်ရပါ၏။ တပွဲထဲမို့ပါကွာ ဆိုသည့် လေသံတွေကို Carrick အနေဖြင့် နောက်ထပ် နိုင်ပွဲ တပွဲ ရယူပြပြီး အသံတိတ်စေခဲ့၏။

Arsenal အနေဖြင့် မနေ့က United ကို ရှုံးခဲ့တာကြောင့် ဒီရာသီ EPL မှာ ပထမဆုံး အိမ်ကွင်း ရှုံးပွဲ ကြုံသွားခဲ့ရလေ၏။ လက်ရှိ EPL မှာ အိမ်ကွင်း ရှုံးပွဲ မရှိသေးသည့် အသင်းဆိုလို့ Sunderland တသင်းသာ ကျန်လေတော့၏။



0
0
0.000
0 comments