ကတ္တီပါ လမ်းခွဲ

မနေ့က သတင်းတခု တက်လာ၏။ Real Madrid နည်းပြ Xabi Alonso အသင်းနှင့် လမ်းခွဲသွားသည့် သတင်း ဖြစ်၏။ ထုတ်ပယ်ခံရတာလား ကိုယ်တိုင် နှုတ်ထွက်ခွင့်တောင်းသွားတာလားကတော့ အတိအကျ မသိရသေးပေ။ အများစုကတော့ သူကိုယ်တိုင်ကပဲ ထွက်ခွာသွားတာဟု မှတ်ချပေးကြ၏။ ထိုသို့ ထင်မှတ်ကြတာကလည်း အကြောင်းအရင်း ရှိနေပါသေး၏။
ပြီးခဲ့သော တနင်္လာနေ့ မနက်မှာ ကစားခဲ့သည့် စပိန် Super Cup Final မှာ Real Madrid တို့ Barcelona ကို 3-2 ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့ရ၏။ ဗိုလ်လုပွဲမှာ ရှုံးလို့ နှုတ်ထွက်တာ ရလဒ်တွေ ဆိုးနေလို့ နှုတ်ထွက်တာဟု ပြောရအောင်လည်း Laliga မှာ အဆင့် ၂ နေရာမှာ ရပ်တည်နေ၏။ အဆင့် ၁ က Barcelona နဲ့ ၄ မှတ်ကွာ အနေအထားမှာ ရှိနေ၏။ အခြေအနေ အဆိုးကြီး မဟုတ်နေသေးပေ။ ချန်ပီယံလိဂ်မှာလည်း အခြေအနေကောင်းနေပါ၏။ ပြီးခုမှ ရာသီဝက်သာ ရှိသေး၏။ အဘယ်ကြောင့်ပါနည်း။

ဗိုလ်လုပွဲစဉ် အပြီးမှာ ဆုပေးပွဲ ဆက်လက်ကျင်းပ၏။ Real Madrid ဒုတိယဆု ရယူပြီးနောက် ပထမရသည့် Barcelona ကို လက်ခုပ်တီးပြီး ဂုဏ်ပြုပေးရန် နည်းပြ Xabi Alonso က အသင်းသားတွေကို ခေါ်၏။ Mbappe နှင့် ကစားသမား အချို့က ငြင်းပယ်ပြီး ဆုပေးပွဲ အခမ်းအနားကနေ လှည့်ထွက်သွားကြလေ၏။ ဒီကိစ္စရပ်က Xabi Alonso နှင့် Real Madrid တို့ လမ်းခွဲသွားကြရခြင်း ဖြစ်နိုင်သည်ဟု မှတ်ချပြုကြ၏။
ပြိုင်ဘက် ဆိုပေမယ့် လေးစားခြင်း၊ ဂုဏ်ပြုထိုက်က ဂုဏ်ပြုခြင်း အစရှိသဖြင့် အားကစားမှာ ရှိသင့်သည် မဟုတ်လား။ ခြေစွမ်းကောင်းပြီး စိတ်ဓါတ်မကောင်းရင် အလကားပင်။ ယခု ဖြစ်ရပ်မှာ နည်းပြ မမှားပေ။ ငြင်းပယ်သည့် ကစားသမားတွေ မှား၏။ သူတို့၏ အပြုအမူက ရှက်ဖို့ကောင်း၏။ ငါတို့မှ ပထမ မရတာ ဂုဏ်မပြုပေးနိုင်ဘူးကွာ ဆိုသည့် အောက်တန်းကျသည့် စိတ်ဓါတ်မျိုးတွေ။
ဒီကိစ္စရပ် ဖြစ်ပြီး နည်းပြနှင့် အသင်း လမ်းခွဲပြီဆိုသည့် သတင်း တက်လာတာ ဆိုတော့ လူအများက ဒါကြောင့်ပဲ နည်းပြ ထွက်သွားတာဟု သတ်မှတ်ကြလေ၏။ မိမိ၏ ပြောစကားကို နားမထောင်သော စိတ်သဘောထား သေးသိမ်သော ကစားသမားများကို ဘယ်ပုံ ဘယ်နည်းဖြင့် နည်းပေးလမ်းပြ လုပ်နိုင်ပါမည်နည်း။ ထွက်ခွာသွားတာကသာ ပိုလို့ ကောင်းပေလိမ့်မည်။ Xabi Alonso လက်ထက်မှာ ကစားသမား ဗဟိုပြု ပုံစံကနေ ကစားကွက် အခြေပြု ပုံစံကို ပုံဖော်လာနိုင်ခဲ့၏။ သို့ပေမယ့်လည်း ခုတော့ အရာအားလုံးက ပြီးဆုံးသွားခဲ့လေပြီ။
(photos from respective Facebook pages)