Let Enjoy

အကောင်းဆုံး ပွဲစဉ်တွေကို အကောင်းဆုံး ရက်သတ္တပတ်မှာ ကြည့်ရသည့် အရသာက ချိုမြိန်လှ၏။ မနေ့ စနေနေ့မှာ ပွဲစဉ်တော်တော်များများ ကစားခဲ့ကြ၏။ အများထင်မှတ်ထားသည့် ပွဲကြီး ပွဲကောင်းတွေတင် မက ဘယ်သူမှ ထင်မှတ်မထားသည့်ပွဲတွေကပါ အကြိတ်နယ်ရှိပြီး ကြည့်ကောင်းခဲ့၏။ ရုပ်ဆိုး၊ ရုပ်ပေါက်သည့် ပွဲကတော့ ဂျော်ဒန်နှင့် ကာတာတို့၏ အာရှဖလား ဗိုလ်လုပွဲ ဖြစ်၏။

‌ကာတာက ဂျော်ဒန်ကို (၃-၁) ဂိုးဖြင့် အနိုင်ရပြီး back to back ချန်ပီယံ အဖြစ် ချန်ပီယံဆုကို ကာကွယ်ပြီး ထပ်မံ သိမ်းပိုက်သွား၏။ တကယ်ပါ။ မသိရင် အစီအစဉ်ချထားပြီးသည့် ဗိုလ်လုပွဲ တခု အလားပင်။ အိမ်ရှင်က ကာတာ မလို့ ဆိုပေမယ့်လည်း ခုလောက်ကြီးကြတော့ မဟုတ်သေးဟု ဆိုရပေလိမ့်မည်။ ကာတာအသင်း ရသည့် ၃ ဂိုးလုံးက ပင်နယ်တီဂိုးတွေ ဖြစ်၏။ ဒိုင်တွေ ကျွမ်းကျင်သူတွေက ဆုံးဖြတ်တာ ဆိုတော့လည်း ဘာများ ပြောနိုင်မည်နည်း။ VAR မှတ်တမ်းတွေ ပြန်ကြည့်ပြီးမှကို ပင်နယ်တီတွေ ရသွားခြင်း ဖြစ်၏။

ကာတာက တဂိုး အရင်သွင်းတယ်။ ဂျော်ဒန်က ပြန်ချေပတယ်။ တဖက် တဂိုးစီ သရေနဲ့ ပွဲက ပိုကြည့်ကောင်းလာရော။ အကြိတ်အနယ် ရေကုန်ရေခမ်း ကစားကြရော။ ဂျော်ဒန်ကတော့ ပိုပြီး ကြိုးစား အားထုတ်သည်ကို တွေ့ရ၏။ ကာတာက ဒုတိယဂိုး သွင်းရော။ ဒါလည်း ရသေး၏။ ဂျော်ဒန်တို့ ချေပဂိုး ပြန်ရရင် နှစ်ဆ ပိုကြိုးစား ကစား၏။ ဒါပေမယ့် ကာတာတို့ နာကျင် အချိန်ပို (၉၀+၅) မိနစ်မှာ တတိယမြောက် ပင်နယ်တီ (တတိယမြောက် ဂိုး) သွင်းယူလိုက်ပြီးနောက် ဂျော်ဒန်တို့ အနေဖြင့် ဘယ်လိုမှ ပြန်လာဖို့ မဖြစ်တော့ပေ။ ပွဲကောင်း တပွဲ၏ ရသ ပျက်စီးခဲ့ရ၏။

လေဗာကူဆင်နှင့် ဘိုင်ယန်တို့ ပွဲမှာတော့ လေဗာကူဆင်က ဘိုင်ယန်ကို (၃-၀) ဖြင့် အနိုင်ရပြီး အဆင့် (၁) နေရာကနေ အမှတ်ဖြတ် ဦးဆောင်ထားပြီ ဖြစ်၏။ ၂ မှတ်ကွာ အနေအထားကနေ ၅ မှတ်ကွာ အနေအထားကို သူတို့ ဖန်တီးထားနိုင်ပြီ ဖြစ်၏။ လက်ရှိမှာ ပွဲစဉ်က ၂၁၊ ကစားရမှာက ၃၄ ပွဲ၊ ၁၃ ပွဲ ကျန်နေသေးသမို့ ဘယ်သူကတော့ ချန်ပီယံပဲဟု ပြောဖို့တော့ စောနေပါသေး၏။ သို့ပေမယ့် လေဗာကူဆင်အသင်း၏ စိတ်ဓါတ်ရေးရာကတော့ ပိုပြီး အားကောင်းသွားဖို့ ရှိ၏။

ရီးရဲမက်ဒရစ်နှင့် ဂျီရိုနာတို့ ပွဲကလည်း လေဗာကူဆင်နှင့် ဘိုင်ယန်တို့ ပွဲကဲ့သို့ပင် ရလဒ်တူ ထွက်ပေါ်ခဲ့၏။ အဆင့် (၁) နှင့် (၂) တွေ့တယ်။ အိမ်ရှင် အသင်း အဆင့် (၁) က အနိုင်ယူပြီး အမှတ်ဖြတ် ဦးဆောင်တယ်။ ဂိုးလည်း ပြတ်တယ်။ ရီးရဲက ဂျီရိုနာကို (၄-၀) ဖြင့် အနိုင်ရ၏။ ၅ မှတ်ဖြတ် ဦးဆောင်ထားပြီ ဖြစ်၏။

EPL ဖက်မှာတော့ စီးတီးတို့ အဆင့် (၁) နေရာကို ခဏတော့ ရယူထားနိုင်ခဲ့၏။ သူတို့ ပွဲပြီးမှ ကစားရသည့် လီပါပူးကလည်း ဘန်လေကို နိုင်သဖြင့် ( လီပါပူးထက် ၁ ပွဲလျော့) အဆင့် (၂) နေရာ ပြန်ရောက်သွားခဲ့၏။ တန်းဆင်းဇုန်လွတ်ဖို့ ရုန်းနေရသည့် အဲဗာတန်နှင့် လူတန်တောင်းကတော့ ပြိုပ်ဖက်တွေကို အသီးသီး အရှုံးပေးလိုက်ရပြီး မပြောင်းမလဲ ပိုနေမြဲ ကျားနေမြဲ အတိုင်းသာ ရပ်တည်နေ၏။

ဒီနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီမှာတော့ အက်စတုန်ဗီလာနှင့် ယူနိုက်တက်တို့၏ ပွဲစဉ်ရှိ၏။ ဥရောပလိဂ်တွေ ကစားခွင့်တနေရာ အရယူနိုင်ဖို့ ယူနိုက်တက်တို့ ခုပွဲကို အနိုင်ကစားဖို့လို၏။ အမှတ်ကွာဟမှု လျော့ထားနိုင်မှရပြီ။ ယူနိုက်တက် အမျိုးသမီးပွဲစဉ်လည်း ရှိနေ၏။ အဝေးကွင်းမှာ ဆောက်သမ်ဒန်နှင့် FA Cup (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ် ကစားရမည် ဖြစ်၏။

(photo from Respective Facebook page)



0
0
0.000
2 comments