One & Only League One Team

မနေ့က ကစားခဲ့သည့် FA Cup Round 5 ပွဲစဉ် ၃ ပွဲက ထင်မှတ်မထားသည့် ရလဒ်တွေ ထွက်ပေါ်လို့လာခဲ့၏။ Fulham vs Southampton ပွဲစဉ်မှာ Southampton က ၀-၁ ဖြင့် အနိုင်ရပြီး Quarter Final အဆင့်သို့ တက်လှမ်းသွားခဲ့၏။ EPL အသင်း တသင်း အနေနဲ့ EFL က အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့် သွားခဲ့ရခြင်း ဖြစ်၏။ မိနစ် ၉၀ ရောက်မှ ပင်နယ်တီကနေတဆင့် Southampton တို့ ဦးဆောင် အနိုင်ဂိုး ရရှိသွားခဲ့ခြင်း ဖြစ်၏။
Round 5 ကနေ နှုတ်ဆက် ထွက်ခွာရသည့် နောက်ထပ် EPL အသင်းကတော့ Sunderland ဖြစ်၏။ League One က Port Vale ၁-၀ ဖြင့် ရှုံးနိမ့် သွားခဲ့ခြင်း ဖြစ်၏။ Sunderland အနေဖြင့် ရာသီတဝက် ကျော်လာပြီး နောက်ပိုင်းမှာ ယခင်လောက် ခြေစွာ ခြေစွမ်းပြနိုင်ခြင်း မရှိတော့ပေ။ Quarter Final ရောက် Port Vale အသင်းကိုတော့ ချီးကျူး ရမည် ဖြစ်၏။

ရှေ့ ၂ ပွဲမှာ EPL အသင်းတွေ နှုတ်ဆက် ထွက်ခွာခဲ့ကြရပေမဲ့ Leeds ကတော့ အိမ်ကွင်းမှာ Norwich ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရကာ Quarter Final အဆင့်သို့ တက်လှမ်း သွားခဲ့လေ၏။ Quarter Final အတွက် ကျန်ရှိသည့် တနေရာကို West Ham vs Brentford တို့ ထဲက တသင်း ရရှိမည် ဖြစ်၏။ တသင်းကတော့ နှုတ်ဆက် လှည့်ပြန်ရပေလိမ့်မည်။
EPL မှာ တန်းဆင်းဇုန်ထဲရောက်နေသည့် West Ham အတွက် ဒီရာသီက အတော်လေး ရုန်းကန်နေရသည့် ရာသီ တခု ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ မနှစ်က Round 3 အဆင့်မှာ Aston Villa ကို ၂-၁ ဖြင့် ရှုံးကာ စောစီး ထွက်ခွာခဲ့ရပေမဲ့ ဒီရာသီမှာတော့ Quarter Final ကို တက်လှမ်းနိုင်ဖို့ လက်တကမ်း အကွာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
Quarter Final အဆင့်မှာ အသင်းကြီးတွေ ရှိနေသေးသည် ဆိုပေမဲ့ United မပါတော့ တမျိုးကြီးတော့ ဖြစ်နေတာ အမှန်ပင်။ ဒီရာသီ United ကလည်း Carabao Cup ကနေလည်း ခပ်စောစောထွက်၊ FA Cup မှာလည်း Round 3 အဆင့်မှာ ကတည်းက ထွက်နဲ့ ကန်စရာ ဆိုလို့ EPL တခုပဲ ရှိတော့၏။ တပတ် တပွဲပဲ ကန်ရတာတောင် သူ့မှာ တခါတလေ လည်ထွက်နေပြန်တော့၏။
(photos from Emirates FA Cup page)