Qualified to Knock out Stage
ကျနော်တို့အသင်း Knockout stage တက်သွား၏။ လူမစွမ်း နတ် မ ဟုပဲ ဆိုရလေမလား၊ လူ ရူးပေမယ့် ဘုန်း မရူး ဟုပဲ ဆိုရလေမလားတော့ မသိပေ။ အုပ်စု နောက်ဆုံးပွဲမှာ ပြိုင်ဘက်အသင်းက နောက်ကျပြီးမှ ရောက်လာ၏။ လူလည်း မစုံပေ။ ပြီး ရှေ့ပွဲစဉ်မှာ ကစားထားသည့် လူတွေလည်း မပါပေ။ တနည်းအားဖြင့် ပြိုင်ပွဲဝင် ကစားသမားတွေ မဟုတ်ဘဲ တခြား ကစားသမားတွေ ခေါ်လာခြင်း ဖြစ်၏။
ပွဲကျင်းပရေးက ထိုကိစ္စကို မေးတော့ သူတို့က ဟုတ်ကြောင်း ဝန်ခံ၏။ ရောက်ချိန် နောက်ကျသည့် အပြင် လူလည်း မစုံ၊ ခြေအိတ်တွေကလည်း အတိုအရှည် မညီကြသဖြင့် ပွဲကျင်းပရေးက သူတို့ကို မကစားစေလိုတော့ပေ။ ကျနော်တို့ အသင်းအား ၃ မှတ်၊ ၃ ဂိုး ပေးလိုက်မည် ဖြစ်ကြောင်း ဒါပေမယ့် ဒီအတိုင်း အပျော်အနေဖြင့်တော့ ကစားသွားလို့ ရကြောင်းကိုပေါ့။
တဖက် အသင်းက လက်ခံ၏။ ကျနော်တို့ အသင်း အနေဖြင့်လည်း ၃ မှတ်၊ ၃ ဂိုးက နောက်တဆင့်တက်ဖို့ လုံလောက်ပြီမို့ ထိုဆုံးဖြတ်ချက်ကို လက်ခံကာ ဒီအတိုင်း အပျော် ခြေစမ်းပွဲလိုမျိုးသာ ကစားလိုက်တော့၏။ အပျော် မဟုတ်ဘဲ တကယ်တမ်း ရလဒ်ကို ယူပြီး ကစားမယ် ဆိုရင်လည်း ကျနော်တို့အသင်း နိုင်ပါ၏။ တဖက်အသင်းက ခြေစွမ်းအားဖြင့် အတော်လေး လိုအပ်ချက် များနေခဲ့၏။
ကျနော်တို့ အသင်း ပြိုင်ပွဲ စဝင်စတုန်းက အချိန်တွေကို သွားသတိရမိ၏။ ထိုစဉ်က ကျနော်တို့လည်း သူတို့လိုပဲ။ သူတို့လို လူမစုံတာမျိုးတော့ မဟုတ်ပေ။ ဒီအတိုင်း ပြိုင်ပွဲပါး မဝသေးတာရယ်၊ သိပ် မကစားတတ်သေးတာရယ်ပါပဲ။ နောက်ပိုင်းမှသာ တဖြည်းဖြည်း အဆင်ပြေလာခဲ့ခြင်း ဖြစ်၏။
အသင်း အနေဖြင့် အစဉ်အလာ မပျက် ရှုံးထွက်အဆင့်သို့ တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်၏။ ကျနော် မှန်းထားသည့် နောက်ထပ် တဆင့်ကို ရောက်ဖို့ ရှုံးထွက်အဆင့် တပွဲ နိုင်ဖို့သာ လို၏။ ၁၆ သင်း အဆင့်ကိုသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် နောက်တပွဲမှာ ကန်ရမည့်အသင်းက ပြီးခဲ့သော ပြိုင်ပွဲမှာတုန်းက ရှုံးထွက် အဆင့်မှာ ဆုံဖူးသည့် အသင်း ဖြစ်၏။
ထိုစဉ်က သူတို့ကို ရှုံးပြီး ကျနော်တို့ ထွက်ခဲ့ရ၏။ အဆိုပါ ရှုံးကြွေးကို ဆပ်လိုလျင် ရှုံးထွက်ဆင့် ပွဲကို အနိုင်ကစားဖို့ လိုမည် ဖြစ်၏။ တချက်ခုတ် နှစ်ချက်ပြတ် နိုင်မယ့် အခွင့်အရေးကို ကျနော်တို့ ဖမ်းဆုပ်နိုင်ဖို့ လိုမည်။ ရှုံးထွက်အဆင့်မှာ ဆုံရမည့် အသင်းက အသင်းကောင်း တသင်း ဖြစ်၏။ ရှုံးထွက်အဆင့် ရောက်ပြီဆိုမှတော့ အသင်းကောင်းတွေချည်းသာ ဖြစ်၏။
ရှုံးထွက် ပွဲစဉ် ရောက်ခါမှ အသင်းကစားသမား အချို့ မအား၊ မလာနိုင်တာနဲ့ တိုက်နေခဲ့၏။ ဘာပဲ ပြောပြော အကောင်းဆုံးတော့ ကြိုးစားကြရမှာပဲ။ နောက်တဆင့်က လက်တကမ်းမှာလေ။ ရောက်အောင် လှမ်းကြတာပေါ့။