Standing at 4

Arsenal vs Man United ပွဲစဉ် အပြီးမှာ ပြောစရာတွေ အများကြီး ဖြစ်လာကြ၏။ ပြောစရာတွေ အများကြီး ဆိုတာထက် အကြောင်းအရာ အနည်းငယ်ကို အကြာကြီး လူအများက ပြောဆိုကြခြင်း ဖြစ်၏။ အမှတ်ပေး ဇယားထိပ်ပိုင်း အပြောင်းအလဲ မရှိပေမဲ့ Liverpool အသင်းက Bournemouth ကို 3-2 ဖြင့် ရှုံးနိမ့် သွားသဖြင့် United တို့ အဆင့် ၄ နေရာသို့ တက်လှမ်း လာခဲ့၏။ ထို့ပြင် Chelsea အသင်းသည်လည်း အဆင့် ၅ နေရာသို့ တက်လှမ်းလာခဲ့ပြီး Liverpool အနေဖြင့် အဆင့် ၆ နေရာသို့ ဆင်းပေးလိုက်ရ၏။

ရှေ့ပွဲစဉ်တွေတုန်းက Arsenal သရေ ကျရင် သရေ သို့မဟုတ် ရှုံးလေ့ ရှိသည့် Man City, Aston Villa အသင်းတို့ ဒီတပတ်မှာတော့ နိုင်ပွဲ ကိုယ်စီ ရယူသွားကြ၏။ ရှုံးပွဲတွေ့သွားပေမယ့် Arsenal အသင်း အနေဖြင့် ၄ မှတ်ထိ ဖြတ်ထားနိုင်နေပါသေး၏။ EPL ချန်ပီယံ ဘယ်သူလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေဆဲ ဖြစ်သွားခဲ့၏။
Arsenal vs Man United ပွဲစဉ်က မကန်ခင် ကတည်းကကို တချို့သော စကားရပ်တွေကြောင့် လူတွေ ပိုလို့ စိတ်ဝင်စားခဲ့ကြ၏။ 2008 United အသင်းနှင့် ယခု Arsenal အသင်း ကစားခဲ့ရင် ဘယ်အသင်း နိုင်မလဲ ဆိုတာမျိုးတွေပေါ့။ ရယ်စရာတော့ အကောင်းသား။ မေးတဲ့ သူကလည်း မေးရဲပ့ါ။ ခု လက်ရှိ United နဲ့ ကစားပြီးချိန်မှာတော့ အဆိုပါ မေးခွန်းက ဖြေစရာ မလိုလောက်တော့ဘူး ထင်ပါရဲ့။
လက်ရှိမှာ နည်းပြ အပြောင်းအလဲကြောင့် အခြေပြန်ခိုင်အောင် လုပ်နေရသည့် လက်ရှိ United ကိုတောင် မနိုင်တာ Sir Alex ကိုင်တွယ်သည့် 2008 United ကို ဘယ်နည်းနဲ့များ Arsenal တို့ ကစားကြမည်နည်း။ United fan တွေအဖို့ ယခု နိုင်ပွဲကတော့ တကယ်ကို ပျော်ရွှင်မှု စိတ်တက်ကြွမှုတွေ ပေးစွမ်းခဲ့လေ၏။
United အဖို့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်လည်း ရှင်သန်ခဲ့လေ၏။
(photos from Premier League Page)