UCL Quarter Final

FA Cup Semifinal အဆင့်သို့ တက်လှမ်းခွင့်ရသွားသည့် နောက်တသင်းကတော့ Leeds ဖြစ်လေ၏။ Man City, Chelsea, Southampton တို့က စောစီးစွာ Semifinal အဆင့်သို့ တက်လှမ်းထားခဲ့ပြီး ဖြစ်၏။ Leeds ကတော့ နောက်ဆုံး ဝင်ခွင့်ရသွားသည့် အသင်း ဖြစ်၏။ ပြီးခဲ့သော တနင်္ဂနွေ မြန်မာစံတော် ည ၁၀ နာရီမှာ ကစားသွားသည့် West Ham vs Leeds ပွဲစဉ်မှာ သာမန် ပွဲကစားချိန် ပြည့်သည်အထိ တဖက် ၂ ဂိုးစီ သရေကျနေခဲ့၏။ အချိန်ပို ၃၀ မိနစ်မှာလည်း ရလဒ် အပြောင်းအလဲ မရှိခဲ့ပေ။ ထို့ကြောင့် ပင်နယ်တီ အဆုံးအဖြတ် ယူရာ Leeds က West Ham ကို ၂-၄ ဖြင့် အနိုင်ရသွားခဲ့၏။
Leeds အနေဖြင့် ဦးဆောင်ဂိုးတွေ အရင် သွင်းယူနိုင်ခဲ့၏။ ၂၆ နှင့် ၇၅ မိနစ်တွေမှာ ဂိုးတွေ သွင်းယူထားပြီး ပွဲကို ဦးဆောင်ထားခဲ့ခြင်း ဖြစ်၏။ ၀-၂ နဲ့ ပွဲပြီးတော့မယ် ထင်မှတ်ထားခဲ့ပေမဲ့ ၉၀+၃ နှင့် ၉၀+၆ မိနစ်တွေမှာ ချေပဂိုးတွေ ဆက်တိုက် သွင်းယူ ခဲ့၏။ အိမ်ရှင် West Ham တို့၏ မျှော်လင့်ချက် ရောင်နီလေး ဖြစ်ပေါ်လာပြီပေါ့။ အချိန်ပိုမှာ သူတို့ တခုခု လုပ်ပြနိုင်မလားပေါ့။ အချိန်ပိုကနေ ပင်နယ်တီထိ ရောက်သွားခဲ့၏။ ပင်နယ်တီမှာတော့ ဧည့်သည် Leeds ကို အရှုံးပေးလိုက်ရပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရလေတော့၏။

Semifinal အဆင့်မှာ Man City vs Southampton, Chelsea vs Leeds တို့ ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်၏။ နက်ဖြန် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ တော့ UCL Quarter Final အဆင့် ပကျော့ ပွဲစဉ်များ ကစားမည် ဖြစ်၏။ Real Madrid vs Bayern Munchen, Sporting CP vs Arsenal တို့၏ ပွဲစဉ်များ ဖြစ်၏။
Real Madrid နှင့် Bayern Munchen တို့ Quarter Final အဆင့်မှာပဲ စောစီးတွေ့ဆုံနေခြင်းက တဖက်က ကြည့်ရင် နှမြော စရာပင်။ တသင်းကတော့ ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာရပေလိမ့်မည်။ Quarter Final ဆိုပေမဲ့ ဗိုလ်လုပွဲစဉ်လို အကြိတ်အနယ် ရှိနေမှာ အသေအချာပင်။
Sporting CP vs Arsenal ပွဲစဉ်ကလည်း စိတ်ဝင်စားဖို့ ကောင်းနေ၏။ အထူးသဖြင့် Arsenal ကြောင့် ဖြစ်လေ၏။ Carabao Cup မှာ ဒုတိယ၊ FA Cup မှာ ကွာတားဖိုင်နယ်နဲ့သာ ကျေနပ်ခဲ့ရ၏။ မျှော်လင့်စရာ ဆိုလို့ EPL နှင့် UCL လာ ကျန်တော့၏။ EPL က ရယူနိုင်ဖို့ အခွင့်အရေးများနေပေမဲ့ UCL ကတော့ မသေချာသေးပေ။ Sporting CP ကို ဖြတ်ကျော် နိုင်ခဲ့ရင်တောင် Semifinal မှာ Barcelona သို့မဟုတ် Atletico Madrid နှင့် ရင်ဆိုင်ရဦးမည် ဖြစ်၏။ ဖလား ၄ လုံး လမ်းကြောင်းကနေ ၁ လုံးပြီး ၁ လုံး ဆုံးရှုံးလာလိုက်တာ ၂ လုံးသာ ကျန်လေတော့၏။
(photos from UCL page)