UCL Round of 32 second lag 1 st Day

ချန်ပီယံလိဂ် ၃၂ သင်းအဆင့် ဒုတိယကျော့ ပွဲစဉ်များ ဒီနေ့ မနက်မှာ ကစား၏။ ဒီနေ့မှာ ၄ ပွဲ၊ နက်ဖြန်မှာ ၄ ပွဲ ကစားမည် ဖြစ်၏။ ထင်မှတ်မထားသည့် ရလဒ်တွေနှင့် နောက်တဆင့်တက်သွားသည့်အသင်းတွေလည်း ထွက်ပေါ်လို့လာခဲ့၏။ မနှစ်က ဗိုလ်လုပွဲထိ တက်လှမ်းခဲ့သည့် Inter Milan အသင်း အနေဖြင့် ၃၂ သင်း အဆင့်ကနေတင် နှုတ်ဆက် ထွက်ခွာခဲ့ရလေတော့၏။
နော်ဝေး ကလပ် Bodo/Glimt အနေဖြင့် Inter Milan အသင်းကို ၂ ကျော့လုံး အနိုင်ကစားသွားခဲ့၏။ ပထမကျော့ အိမ်ကွင်းမှာ ၃-၁၊ ခု အဝေးကွင်းမှာလည်း ၁-၂ ဖြင့် အနိုင်ရပြီး ၂ ကျော့ပေါင်း ၂-၅ ဖြင့် Bodo/Glimt တို့ နောက်တဆင့် တက်သွားခဲ့လေ၏။ ပထမကျော့မှာ ၃-၁ ဖြင့် ရှုံးထားလို့ အိမ်ကွင်းမှာ Inter Milan တို့ အနိုင်ကစားဖို့ ပြင်ဆင်လာ၏။ သို့ပေမဲ့ ဦးဆောင်ဂိုးတွေကို Bodo/Glimt အသင်းကသာ အရင် ရယူသွားနိုင်ခဲ့လေ၏။ ၅၈ နှင့် ၇၂ မိနစ်တွေမှာ ဦးဆောင်ဂိုးတွေ သွင်းယူခဲ့၏။ Inter Milan တို့အနေဖြင့် ၇၆ မိနစ်မှာမှ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့၏။ လိုအပ်နေတဲ့ နောက်ထပ်ဂိုးတွေ ထပ်မံ သွင်းယူနိုင်ခဲ့ခြင်း မရှိတာမို့ Inter Milan တို့ ဒီအဆင့်နဲ့သာ ကျေနပ်ခဲ့ရလေတော့၏။

စပိန်ကလပ် Atletico Madrid အနေဖြင့် ဘယ်လ်ဂျီယံ ကလပ် Club Brugge ကို အိမ်ကွင်းမှာ ၄-၁ ဖြင့် အနိုင်ရယူပြီး ၂ ကျော့ပေါင်း ၇-၄ ဖြင့် နောက်တဆင့်သို့ တက်လှမ်း သွားခဲ့လေ၏။ ပထမကျော့ Club Brugge အိမ်ကွင်းမှာ ၃-၃ သရေကျထားသဖြင့် ဘယ်လ်ဂျီယံ ကလပ်အသင်းအနေဖြင့် မျှော်လင့်ချက် ရှိနေခဲ့သေး၏။ သို့ပေမဲ့ အဆိုပါ မျှော်လင့်ချက်ကို Sorloth ၏ Hat Trick သွင်းဂိုးတွေ နှင့်အတူ ပျောက်ကွယ်သွားအောင် လုပ်လိုက်လေတော့၏။
ဂျာမန်ကလပ် Leverkusen အနေဖြင့် ဂရိကလပ် Olympiacos ကို အိမ်ကွင်းမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။ သို့ပေမဲ့ ပထမကျော့ အဝေးကွင်းမှာ ၀-၂ ဖြင့် အနိုင်ရထားခဲ့သည်မို့ ၂ ကျော့ပေါင်း ၂-၀ ဖြင့် နောက်တဆင့်သို့ တက်လှမ်း သွားခဲ့လေ၏။ အင်္ဂလန် ကလပ်အသင်း New Castle အနေဖြင့် အဇာဘိုင်ဂျန် ကလပ်အသင်း Qarabag FK ကို အိမ်ကွင်းမှာ ၃-၂ ဖြင့် အနိုင်ကစားပြီး ၂ ကျော့ပေါင်း ၉-၃ ဖြင့် နောက်တဆင့်သို့ တက်လှမ်း သွားခဲ့လေ၏။
နက်ဖြန်မှာ ကျန်ပွဲစဉ် ၄ ပွဲ ကစားမည် ဖြစ်၏။ ထင်မှတ်မထားသည့် ရလဒ်တွေ ထွက်ပေါ်လာလေဦးမည်လား။ ပထမကျော့မှာ ရှုံးပွဲတွေ့ထားသည့် အီတလီ ကလပ်အသင်းတွေ ပြန်လာနိုင်မလား စောင့်ကြည့်နေတုန်းက Inter Milan အသင်းကတော့ စောစီးစွာပဲ နှုတ်ဆက်သွားခဲ့ရလေ၏။ ကျန် အီတလီ အသင်း ၂ သင်းပါ ထွက်ရရင် ၁၆ သင်းအဆင့်မှာ အီတလီ ကလပ်အသင်းတွေ တသင်းမှ ပါလာတော့မည် မဟုတ်ပေ။
(photos from UCL page)