Unbeaten Bournemouth

Round 36 ၏ အစောဆုံး ပွဲစဉ် ဖြစ်သည့် Liverpool vs Chelsea ပွဲစဉ်က တဖက် ၁ ဂိုးစီ သရေ ရလဒ်ဖြင့် ပြီးဆုံးသွားခဲ့၏။ ပထမပိုင်း ၆ မိနစ်မှာပင် Liverpool တို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့၏။ ၃၅ မိနစ်မှာတော့ Chelsea တို့ ချေပဂိုး သွင်းယူ၏။ ဒုတိယပိုင်းမှာတော့ ဘယ်အသင်းမှ ဂိုးထပ်မသွင်းနိုင်ဘဲ သရေရလဒ်ဖြင့် ပွဲပြီး ဆုံးသွားခဲ့လေ၏။ Liverpool အတွက်က UCL ဝင်ခွင့် ဆုံးရှုံးစရာ မရှိပေမဲ့ Chelsea အနေဖြင့်ကတော့ လညမယ့်ရာသီ ဥရောပပြိုင်ပွဲများနှင့် ဝေးကွာသွားဖို့ များနေခဲ့ပြီ ဖြစ်၏။ ထိုသို့ ဆိုပေမဲ့ ဒီနေ့ည ပွဲစဉ်မှသာ Aston Villa တို့ နိုင်ပွဲ ရယူနိုင်ခဲ့ရင် Liverpool တို့ အဆင့် ၅ နေရာကို ဆင်းရဖို့ ရှိနေ၏။
Brighton vs Wolves ပွဲစဉ်မှာတော့ အိမ်ရှင် Brighton ကပဲ ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့လေ၏။ Fulham vs Bournemouth ပွဲစဉ်မှာတော့ ပထမပိုင်း မှာကတည်းက နှစ်သင်းလုံး ကစားသမား တယောက်စီ ထုတ်ပယ်ခံထားရ၏။ ဒုတိယပိုင်း ၅၃ မိနစ်မှာတော့ ဧည့်သည် Bournemouth တို့ ဦးဆောင်ဂိုး ရခဲ့၏။ ထို ၁ လုံးထဲသော သွင်းဂိုးဖြင့် Fulham ကို အနိုင်ရပြီး EPL ၁၆ ပွဲဆက် ရှုံးပွဲ မရှိသည့် စံချိန်ကို ရရှိသွားခဲ့၏။

Sunderland vs Man United ပွဲစဉ်မှာတော့ ဘယ်သူ့ ဘယ်သူကမှ ဂိုးမသွင်းနိုင်ဘဲ ဂိုး မရှိ သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးသွားခဲ့လေ၏။ ပြီးခဲ့သော တပတ်မှာ Liverpool ကို အနိုင်ရပြီး UCL ဝင်ခွင့် သေချာသွားသည့် United အနေဖြင့် ယခုပွဲစဉ်မှာတော့ ထူးထူးခြား ကောင်းမွန်နေတာမျိုး မရှိခဲ့ပေ။ လာမယ့် ရာသီမှာတော့ မဖြစ်မနေကို ကစားသမား အပြောင်းအလဲ လုပ်ကို လုပ်ရပေလိမ့်မည်။ တချို့ ကစားသမားတွေက United မှာ ရှိနေသင့်သည့် ခြေစွမ်းမျိုး မရှိသည့် ကစားသမားတွေ ဖြစ်၏။
Man City vs Brentford ပွဲစဉ်မှာတော့ အိမ်ရှင် Man City က ၃-၀ ဖြင့် အနိုင်ရသွားခဲ့၏။ City အတွက် ဂိုးတွေကို ဒုတိယပိုင်းမှသာ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်လေ၏။ ယခု နိုင်ပွဲကြောင့် အဆင့် ၁ က Arsenal ကို ဆက်လက်၍ ဖိအား ပေးထားနိုင်ခဲ့၏။ City အနေဖြင့် Arsenal နဲ့ ပွဲစဉ်ကိုသာ သရေမကျဘဲ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ပို၍ အဆင်ပြေပေလိမ့်မည်။ ခုတော့ အနည်းငယ် စိုးရိမ် စရာပင်။
Arsenal အနေဖြင့် ဒီနေ့ ည ၁၁ နာရီမှာ West Ham အသင်းနှင့် အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်၏။ တန်းဆင်းဇုန် ဖိအား ရှိနေသည့် West Ham နဲ့ ကစားရမှာမို့ ဒီပွဲက Arsenal အတွက် ခက်ခဲနိုင်၏။ ဒီပွဲပိုသာ အနိုင်ရခဲ့ရင် EPL ချန်ပီယံဘွဲ့ သေချာပြီဟု ပြောလို့ရနိုင်၏။ လက်ကျန် ၂ ပွဲက Burnley, Crystal Palace တို့နဲ့ ဖြစ်၏။ တန်းဆင်းပြီးသား Burnley နှင့် အမှတ်မလိုတော့သည့် Crystal Palace တို့နဲ့ ဖြစ်၏။ သို့ပေမဲ့ ထိုအသင်းတွေက ရေကုန်ရေခန်း ကစားပြီး အခက်တွေ့အောင် လုပ်သွားရင်တော့ မပြောတတ်ပေ။
(photos from Premier League Page)