We Draw

EPL Round 19 ၏ ပွဲစဉ်တွေထဲမှ ၆ ပွဲ ကစားပြီး သွားခဲ့၏။ ၃ ပွဲက သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး ၃ ပွဲသာ အရှုံးအနိုင် အဖြေပေါ်ခဲ့လေ၏။ Chelsea vs Bournemouth က 2-2, West Ham vs Brighton က 2-2, Man United vs Wolves က 1-1 ဆိုပြီး ရလဒ်တွေ ထွက်ပေါ်ခဲ့လေ၏။ Chelsea သရေကျတာကထား ကိုယ့်အသင်းလည်း မဟုတ်နေဘူးကိုး။ United ကတော့ လွန်လွန်းပါ၏။ တန်းဆင်းရဖို့ သေချာသလောက် နီးပါး ဖြစ်နေသည့် အသင်း ပြီး နိုင်ပွဲ တပွဲမှ မရသေးဘဲ ဇယား အောက်ဆုံးမှာ ရပ်တည်နေသည့် အသင်းကို အိမ်ကွင်းမှာ သရေကျရတယ်လို့။

ဇယားအောက်ဆုံးမှာ ရောက်နေလို့ သနားပြီး အနိုင်မယူရက်ခဲ့လေသလားပင်။ အသင်း၏ ခြေစွမ်းအမှန်က ဘာလဲ ဘယ်လိုလဲဆိုတာ မသိတော့ပေ။ ခြေစွမ်း အတည်တကျ မရှိ၊ ဖြစ်ချင်သလို ဖြစ်နေတာကပင် အသင်း၏ ပကတိ အခြေအနေ ဖြစ်လေတော့၏။ Wolves အနေဖြင့်ကလည်း ရာသီတဝက်အပြီး လက်ကျန် 19 ပွဲမှာ အကောင်းဆုံး ပြန်လာနိုင်မယ်ဆိုရင် တမျိုးတဖုံ ပြောင်းလဲ သွားနိုင်၏။ အမှန်တော့ Wolves က ကောင်းလွန်းနေတာထက် ကိုယ့်အသင်းကကို ညံ့လွန်းနေခြင်း ဖြစ်၏။

ကျန် ၃ ပွဲက အရှုံးအနိုင် ရလဒ် ထွက်ပေါ်ခဲ့ပေမယ့် အိမ်ရှင် အနိုင်ရသည့်ပွဲက ၁ ပွဲသာ ရှိခဲ့၏။ ဧည့်သည် တွေ အနိုင်ရသွားတာက ၂ ပွဲ ပါဝင်နေ၏။ Burnley vs New Castle ပွဲမှာ New Castle က 1-3 ဖြင့်နိုင်ပြီး Nottm Forest vs Everton ပွဲမှာတော့ Everton က 0-2 ဖြင့် အနိုင်ရသွားခဲ့လေ၏။

အိမ်ရှင် အနိုင်ရသည့် ကျန် ၁ ပွဲက Arsenal vs Aston Villa တို့၏ ပွဲစဉ် ဖြစ်လေ၏။ ပွဲကောင်း တပွဲ ဖြစ်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် တကယ်တမ်းမှာကြ Arsenal ကသာ ဂိုးပြတ်သွင်းပြီး ပထမကျော့ ရှုံးကြွေးကို ဆပ်လေ၏။ 4-1 နဲ့ကို အနိုင်ရသွားခဲ့၏။ Aston Villa အတွက် တလုံးထဲသော ချေပဂိုးကို 90+4 မိနစ်ရောက်မှသာ သွင်းယူနိုင်ခဲ့လေ၏။ ယခုပွဲ အနိုင်ရရှိမှုက Arsenal အတွက် စိတ်ဓါတ်ရေးရာအရမှာလည်း အမြင့်ဆုံးအထိ ဆွဲတင်ပေးသွားနိုင်ခဲ့သည်ဟုလည်း ပြောလို့ရ၏။

Aston Villa က Arsenal ကို နှစ်တိုင်း ဒုက္ခ ပေးနေကြမလား။ ချန်ပီယံ ဖြစ်ဖို့ လက်တကမ်းအလိုမှာ Aston Villa ၏ နှောင့်ယှက်မှုကြောင့် အကြိမ်ကြိမ် လွဲချော်ခဲ့ရသည် မဟုတ်လား။ ဒီတကြိမ်မှာတော့ သူတို့ ဂိုးပြတ် အနိုင်ယူပြီး အိပ်မက်ဆိုးကနေ နိုးထရှင်သန်ခဲ့လေပြီ။ ဆင်ပျံကြီးကတော့ ဆက်၍ အမြင့်ပျံနေဆဲပင်။ ယခုပွဲ အရှုံးကြောင့် Aston Villa တို့အနေဖြင့် ပြိုင်ပွဲစုံ 12 ပွဲဆက် အနိုင်ရမှု ဆိုသည့် စံချိန် မရတော့ဘဲ 11 ပွဲဆက် နိုင်ပွဲဖြင့်သာ ရပ်တန့်သွားရလေတော့၏။

(photos from Premier League Page)



0
0
0.000
0 comments