We Got 3 Points

EPL Round 30 ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့တာ Brentford vs Wolves ပွဲစဉ် ၁ ပွဲသာ ကျန်ရှိတော့၏။ Super Sunday ၏ Big Match ဟု ဆိုရမယ့် Liverpool vs Tottenham ပွဲစဉ်က တဖက် ၁ ဂိုးစီ သရေကျသွားခဲ့လေ၏။ Tottenham အနေဖြင့် အိမ်ရှင် Liverpool ကိုသာ အနိုင်ရခဲ့ရင် တန်းဆင်းဇုန်နဲ့ ဝေးရာ နေရာမှာ ရပ်တည်ခွင့်ရမည် ဖြစ်၏။ သို့သော် UCL ဝင်ခွင့် အတွက် ကြိုးစားနေသည့် Liverpool ကို သူတို့ မနည်းကောင်း ကစားခဲ့ရ၏။ မရှုံးဘဲ သရေ တမှတ် ရယူနိုင်တာ တော်သေးသည်ဟု ဆိုရပေလိမ့်မည်။
Leeds က Crystal Palace နဲ့ ဂိုးမရှိ သရေ၊ Nottm Forest ကလည်း အိမ်ကွင်းမှာ Fulham ကို ဂိုးမသွင်းနိုင် ခဲ့ပေ။ အဆင့် ၁၅ မှ ၁၈ ထိ ၄ သင်း အနေဖြင့် အမှတ်ကွာဟချက် ကျဉ်းမြောင်းစွာဖြင့် ရပ်တည်နေကြ၏။ ကျန်ရှိနေသည့် တန်းဆင်းရမယ့် တနေရာစာကို ဘယ်အသင်း ရရှိ သွားမလဲက စိတ်ဝင်စားစရာပင်။ Leeds, Tottenham, Nottm Forest & West Ham ထဲက တသင်းသင်း တန်းဆင်းသွားရဖို့ ရှိနေ၏။

အဆင့် ၃ နေရာ အတွက် Man United vs Aston Villa တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြ၏။ Man United က ၃-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ပထမပိုင်းမှာ ဘယ်သူ့ ဘယ်သူမှ ဂိုးမသွင်း ယူနိုင်ဘဲ ဂိုးမရှိ သရေကျနေခဲ့၏။ ဒုတိယပိုင်း ၅၃ မိနစ်မှာ Casemiro က United အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့၏။ ၆၄ မိနစ်မှာ Barkley က Aston Villa အတွက် ချေပဂိုး ပြန်လည် သွင်းယူ၏။ ၇၁ မိနစ်မှာ Cunha ၈၁ မိနစ်မှာ Sesko တို့က United အတွက် အနိုင်ဂိုးတွေ ထပ်မံသွင်းယူပေးသွားသဖြင့် ၃-၁ ဖြင့် United တို့ အနိုင်ရသွားခဲ့၏။ နောက်ဆုံး မိနစ် Sesko ၏ ပေးပို့မှုသာ တိကျခဲ့ရင် United တို့ နောက်ထပ် သွင်းဂိုး ၁ ဂိုး ထပ်ရနိုင်သေး၏။
ယခု နိုင်ပွဲကြောင့် United အနေဖြင့် အဆင့် ၃ နေရာကို ဆက်လက်၍ ထိန်းထား နိုင်ခဲ့ပြီး အဆင့် ၂ နေရာက Man City နဲ့ ၇ မှတ်ကွာ အနေအထားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ ရာသီသိမ်းဖို့ ၈ ပွဲ သာ ကျန်တော့သည်မို့ လက်ကျန်ပွဲစဉ်တွေကို အာရုံစိုက် ကစားဖို့ လိုမည် ဖြစ်၏။ UCL ဝင်ခွင့် အတွက် အပြိုင်လုရမယ့် Chelsea, Liverpool တို့နဲ့ ကစားရဖို့ ရှိနေသေးသလို တန်းဆင်းဇုန် ကနေရုန်းရမယ့် Leeds, Nottm Forest တို့နှင့်လည်း ကစားဖို့ ရှိနေပါသေး၏။ ထို့ပြင် မထင်ရင် မထင်သလို United ကို ဒုက္ခပေးလေ့ ရှိသည့် Bournemouth, Brentford, Sunderland, Brighton တို့နှင့်လည်း ကစားဖို့ ကျန်နေပါသေး၏။
(photos from Premier League Page)