Wolves Got 3 Points

ကြားရက်ထဲမှာ ကစားသည့် EPL Round 29 ပွဲစဉ်များထဲမှ ၄ ပွဲ ဒီနေ့ မနက်မှာ ကစား၏။ ၁ ပွဲ သရေကျပြီး၊ ၃ ပွဲက အရှုံးအနိုင် အဖြေပေါ်ခဲ့လေ၏။ Bournemouth vs Brentford ပွဲစဉ်မှာ ဘယ်သူ့ ဘယ်သူမှ ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျသွားခဲ့၏။ Bournemouth အသင်း အနေဖြင့် ၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန် မှတ်တမ်းတခုလည်း ရရှိသွားခဲ့လေ၏။ ရှုံးပွဲ မရှိတာ ကောင်းပေမဲ့ သရေပွဲတွေ များနေတာက သိပ်တော့ အဆင်မပြေလှပေ။ နိုင်သင့်သည့်ပွဲတွေ မနိုင်ခြင်းက အမှတ်တွေ ရသင့်သလောက် မရတာမျိုးတွေ ဖြစ်စေ၏။
Everton ကတော့ Burnley ကို အိမ်ကွင်းမှာ ၂-၀ ဖြင့် အနိုင်ယူပြီး အဆင့် ၈ နေရာမှာ ဆက်လက်၍ ရပ်တည်နေ၏။ အဆင့် ၇ မှ Brentford က Bournemouth နဲ့ သရေကျခဲ့သောကြောင့် Everton နှင့် ၁ မှတ်သာ ကွာလေတော့၏။ Leeds vs Sunderland ပွဲစဉ်မှာတော့ ဧည့်သည် Sunderland က ၀-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ Sunderland အတွက် ၁ လုံးထဲသော အနိုင်ဂိုးကို မိနစ် ၇၀ မှာ Diarra က ပင်နယ်တီမှတဆင့် သွင်းယူ ပေးသွားခဲ့၏။

မနေ့က ပြောထားခဲ့သည့်အတိုင်း မထင်မှတ်ထားသည့် ရလဒ် ထွက်ပေါ်လာခဲ့တာက Wolves vs Liverpool ပွဲစဉ် ဖြစ်၏။ ဇယား အောက်ဆုံးက Wolves က Liverpool ကို ၂-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ Wolves အတွက် ဒီရာသီ ၃ ပွဲမြောက် နိုင်ပွဲဟုလည်း ဆိုရမည် ဖြစ်၏။ ဖြစ်နိုင်ဖို့ ခဲယဉ်းပေမဲ့ တန်းဆင်းဇုန်က လွတ်ဖို့ မျှော်လင့်ချက် ခပ်ပါးပါးလေး ရှိနေသေးသည်ဟု ပြေလို့ရပေမည်။ Liverpool အနေဖြင့် အမှတ် ဆုံးရှုံးမှု ဖြစ်သွားသောကြောင့် နစ်နာသည်ဟု ဆိုရပေလိမ့်မည်။
နက်ဖြန် မနက်မှာတော့ ၅ ပွဲ ထပ်မံ ကစားမည် ဖြစ်၏။ ပြီးခဲ့သော ပွဲစဉ်မှာ ရလဒ်တွေ ဆိုးရွားခဲ့သည့် အသင်း ၂ သင်း ဖြစ်သည့် Aston Villa vs Chelsea တို့ ထပ်တိုက်တွေ့နေခဲ့၏။ Aston Villa က နံပတ် ၃ နေရာ ပြန်လည် ရယူနိုင်ဖို့ Chelsea ကလည်း နံပတ် ၅ နေရာ ပြန်လည် ရယူနိုင်ဖို့ ကြိုးစားကြမည် ဖြစ်၏။ ပွဲက အကြိတ်အနယ်နှင့် ကြည့်ကောင်း ပေလိမ့်ဦးမည်။
အဆင့် ၁ က Arsenal က Brighton နှင့် အဝေးကွင်း၊ အဆင့် ၂ က Man City က Nottm Forest နှင့် အိမ်ကွင်းမှာ ကစားရမည် ဖြစ်၏။ Brighton ထက်စာရင် Nottm Forest က အမှတ် ပို၍ လိုအပ်နေသည့် အသင်း ဖြစ်လို့ Man City အနေဖြင့် ခက်ခက်ခဲခဲ ကစားသွားရဖို့ ရှိနေ၏။ West Ham အနေဖြင့်လည်း Nottm Forest သာ Man City ကို ရှုံးသွားရင် ဆိုသည့် မျှော်လင့်ချက်နဲ့ Fulham ကို အဝေးကွင်းမှာ အကောင်းဆုံး တုန့်ပြန် ကစားသွားဖို့ ရှိနေ၏။
Man United ကတော့ New Castle နှင့် အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ အဆင့် ၃ နေရာကို ဆက်လက်ပြီး ထိန်းထားနိုင်ဖို့ရာ ယခုပွဲစဉ်မှာ အမှတ်ရယူထားဖို့ လိုမည် ဖြစ်၏။ ပွဲချိန်တွေက မနက် ၂ နာရီ၊ ၂ နာရီ ၄၅ မိနစ်တွေ ဖြစ်နေတော့ ထကြည့်ဖို့ရာ မဖြစ်နိုင်ပေ။ တရေးနိုးချိန်နဲ့ ကြုံကြိုက်ရင်တော့ ကြည့်ရှုဖြစ်မည်ထင်ပါ၏။
(photos from Premier League Page)