ယနေ့ ဂိတ်ပိတ်သည်
မပြောချင်တော့။ ပြောစရာ စကားလည်း မရှိ၊ ပြောချင်စိတ်လည်း မရှိတော့ပေ။ မနေ့က United ပွဲလေး ကြည့်မိပါတယ်။ ကြည့်နေရင်းက မကြည့်မိရင် အကောင်းသားဆိုပြီး တွေးလာနေမိတော့၏။ တွေးသာတွေးတာပါ ပြန်လာနိုး ပြန်လာနိုးနဲ့ ကြည့်မိတာ ပွဲချိန်သာ ပြည့်သွားတယ်။ United ကတော့ ပြန်မလာနိုင်တော့ပေ။ ပထမပိုင်း 1-0 နဲ့ ရှုံးနေ၏။ ဒုတိယပိုင်းမှာ City တို့ 2 ဂိုးထပ်သွင်းပြီး ပွဲအပြီးမှာ 3-0 ဖြင့် ရှုံးနိမ့်သွားခဲ့၏။
တပွဲလုံး ဘာ စွမ်းဆောင်ရည်မှ မတွေ့လိုက်၊ မမြင်လိုက်ရပေ။ ထိုးဖောက်ခွင့် အချို့ရပေမယ့် ဂိုး အဖြစ် မပြောင်းနိုင်ခဲ့ပေ။ ဒုတိယပိုင်းမှာ City တို့က Counter Attack နဲ့သာ ကစား၏။ United ကို ဘောလုံး ပေးကိုင်ထားခဲ့၏။ ခြေထောက်ထဲ ဘောလုံး ရနေပေမယ့် United တို့ ဘာမှ လုပ်မပြနိုင်ခဲ့ပေ။ City က ကောင်းကောင်း ထိန်းချုပ် ကစားပြသွားခဲ့၏။
တကယ်တော့ City က ကောင်းနေလို့ နိုင်သွားခြင်းမျိုး မဟုတ်ပေ။ ထိုသို့ ပြောတာက City မကောင်းဟု မဆိုလို ကောင်းတယ် ဒါပေမယ့် အရင်လောက် မကောင်းဘူး။ အရင်လောက် မကောင်းတော့တဲ့ City ကတောင် United ကို 3-0 နဲ့ အနိုင်ယူပြသွားခဲ့၏။ 4 ပွဲကစားပြီး 1 ပွဲနိုင်၊ 1 ပွဲသရေ၊ 2 ပွဲရှုံး နှင့် ရာသီအစက အဓိပ္ပာယ် မဲ့လွန်းလှ၏။ United ကို မလာခင်မှာ Sporting CP နဲ့ City ကို ဂိုးပြတ် အနိုင်ယူခဲ့သည့် နည်းပြ Amorim တယောက် ဘယ်များ ရောက်သွားခဲ့လေ သနည်း။ သေချာတာတော့ လက်ရှိ Amorim က ယခင် Amorim မဟုတ်ပေ။
ကစားသမားတွေ ကြည့်ပြန်တော့လည်း မစွံနေပေ။ အသင်းမှာ ဘာက ပြဿနာလဲ။ နည်းပြလား၊ ကစားသမားလား၊ ဘုတ်အဖွဲ့လား။ Sir Alex အလွန်မှာ ဘယ်နည်းပြမှ မရှည်ကြာ။ ခဏသာ ကိုင်တွယ်ခွင့် ရခဲ့ကြ၏။ နည်းပြတယောက်ပြီး တယောက်သာ ပြောင်းသွားတယ်။ အသင်းက တိုးတက်မလာဘဲ တဖြည်းဖြည်း ယိုယွင်း ပျက်စီးလို့ လာခဲ့၏။
ရှုံးပွဲတွေကြောင့်၊ ရလာဒ်ပိုင်းတွေကြောင့် Amorim ရဲ့ 3-5-2 ကစားကွက်ကို ဝေဖန်မှုတွေ ပို၍ များလာခဲ့၏။ United နဲ့ အဆိုပါ ကစားကွက်က အဆင်မပြေဘူးပေါ့။ တခြားအသင်းတွေ ပြေရင် ပြေလိမ့်မယ်။ United ကတော့ ပြေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒါကို Amorim က လက်မခံပေ။ ဟုတ်ပြီ 3-5-2 ဆော့မှာ ဆိုရင်လည်း ကစားကွက်နဲ့ အံဝင်မယ့် ကစားသမားတွေ ခေါ်ပေါ့။ ခေါ်လည်း ခေါ်ထားတယ်လို့တော့ ထင်တာပါပဲ။ ဘုတ်အဖွဲ့က သူ လိုချင်တဲ့သူ ခေါ်ပေး မပေးကတော့ ကိုယ်တွေလည်း သေချာမသိပေ။ လူချင်တဲ့ သူအစား တခြား ကစားသမားနဲ့ ချွေးသိပ်ထားရင်တော့ မသိပေ။
ဘာပဲ ပြောပြော United fan တွေအဖို့ မိအေး အကြိမ်ကြိမ် နာစရာတွေ ချည်းပင်။ ရှေ့နည်းပြက တချက်ခေါက်၊ နောက်နည်းပြက နှစ်ချက်ခေါက်နဲ့ ပရိတ်သတ်တွေမှာလည်း ရင်ဘတ် ဟောင်းလောင်းပေါက်တွေကို ဖြစ်လို့။ တချိန်က United ကြောင့် ပျော်ခဲ့ရတယ်ဆိုတာ ပါးစပ် ပုံပြင်လေး တပုဒ်များ ဖြစ်သွားခဲ့လေပြီလား။
(photos from Premier League Page)
အမြဲခြင်းနဲ့ အစိုးမရခြင်းကို သက်သေအပြနိုင်ဆုံးအသင်းဖြစ်နေတာ .. သူ့ဆီရောက်ရင်အကုန်ဗြောင်းဆန်သွားရော ..
အေးလို့။
တကယ့် $ တလွဲ အသင်း။